(ဂ)-ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာနှိမ်နင်းနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်မူးယစ်အထူးတပ်ဖွဲ့ကို ဖွဲ့စည်းတာဝန်ချထားပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
(ဂ)-ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာနှိမ်နင်းနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်မူးယစ်အထူးတပ်ဖွဲ့ကို ဖွဲ့စည်းတာဝန်ချထားပေးနိုင်ခြင်း ရှိ/မရှိ၊ မော်တော်ယာဉ်ဖြည့်ဆည်းပေးနိုင်မှုရှိ/မရှိနှင့် ပြင်ဦးလွင်ခရိုင်ရုံးသို့ တရားစွဲဆိုတင်ပို့ရာတွင် တွေ့ကြုံရသောအခက်အခဲကို မည်သို့ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
သပိတ်ကျင်းမြို့နယ်သည် မန္တလေးတိုင်းဒေသကြီး၏ (မြောက်ဘက်) အစွန်ဆုံးမြို့နယ်ဖြစ်ပြီး မြောက်ဘက်တွင် ထီးချိုင့်မြို့နယ်၊ အရှေ့ဘက်တွင် မိုးကုတ်၊ မိုးမိတ်၊ မဘိမ်းမြို့နယ်၊ တောင်ဘက်တွင် စဉ့်ကူးမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြား၍ ခင်ဦးမြို့နယ်နှင့် ကန့်ဘလူ မြို့နယ်တို့နှင့် ထိစပ်နေပါကြောင်း၊ မြို့နယ်သည် တောင်မြောက်အရှည်အားဖြင့် ၇၅ မိုင်ရှိပြီး အရှေ့နှင့် အနောက်၂၄ မိုင်၊ အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင်ပေါင်း ၉၉၀၊ ရပ်ကွက်/ကျေးရွာအုပ်စု ပေါင်း ၂၇ ခု၊ ကျေးရွာပေါင်း ၇၀ ကျော်သာရှိပြီး လူဦးရေ ၁၂၀၀၀၀ ကျော် ရှိပါကြောင်း၊
ယနေ့အခါတွင် မူးယစ်ဆေးဝါးအန္တရာယ်ကို တောရော၊ မြို့ပါ ရင်ဆိုင်နေကြပြီ ဖြစ်ပါကြောင်း၊ သပိတ်ကျင်းမြို့နယ်တွင် ယခင်နှစ်များက မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အများစုမှာ သပိတ်ကျင်းမြို့နယ် ကိုဖြတ်၍ သယ်ဆောင်ဖြန့်ဖြူးသည့် အခြားဒေသသားများသာ ဖြစ်ပါကြောင်း၊ ယခုနောက်ပိုင်းနှစ်များ တွင် ရပ်ကွက်ကျေးရွာအတွင်း ဒေသခံများကိုယ်တိုင် လက်လီရောင်းချမှုများ ရှိလာပါကြောင်း၊ မူးယစ် ဆေးဝါးရောင်းချမှုသည် တရားမဝင်ဥပဒေနှင့် မလွတ်ကင်းသည့်အလုပ်မှန်း သိပါလျက် ငွေနည်းနည်းရင်းရုံဖြင့် များများမြတ်သည့်အတွက် အားကျအတုယူဖွယ်ရာ စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် လွဲမှားစွာခံယူနေပြီး ဖမ်းဆီးမှုမှ လွတ်ကင်းနေကြပြီး ရောင်းချသူအရေအတွက် တစ်နေ့တခြားများပြား လာပါကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကြွဆေးများ သယ်ဆောင်ရာ လမ်းကြောင်းများမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်မှတစ်ဆင့် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာကိုဖြတ်၍ ကားလမ်းခရီးဖြင့် အဆင့်ဆင့်သယ်ဆောင်ပြီး မန္တလေးတိုင်းဒေသကြီးသို့ ဝင်ရောက်ရာလမ်းကြောင်းတွင် ထင်ရှားပါကြောင်း၊ သပိတ်ကျင်းမြို့နယ်၏ နှစ်အလိုက် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများကို ကြည့်ခြင်းအားဖြင့် ခရိုင်မူးယစ်အထူးအဖွဲ့၏ ဖမ်းဆီးရမိမှုသည် နယ်မြေခံ ရဲတပ်ဖွဲ့ထက် အမှုအရေအတွက် နှစ်ဆခန့်ပိုမိုများပြားသည်ကို တွေ့ရပါကြောင်း၊ ၎င်းကိုကြည့်ခြင်းအားဖြင့် ခရိုင်မူးယစ်အထူးအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးဖမ်းဆီး နှိမ်နင်းသည့် အပိုင်းတွင် လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝသည်ကို တွေ့ရှိရသော်လည်း ခရိုင်မူးယစ်အထူး အဖွဲ့အနေနှင့် သပိတ်ကျင်းမြို့နယ်အတွင်းတွင် အချိန်ပြည့် အမြဲတမ်းတာဝန် မထမ်းဆောင် နိုင်ခြင်းသည်လည်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးတွင် လိုအပ်ချက်တစ်ခုအနေနှင့် ရှိနေပါကြောင်း၊ တရားစွဲဆိုမှုအပိုင်းတွင် မြို့နယ်တရားရုံးတွင် တရားစွဲဆိုမှုထက် ပြင်ဦးလွင်ခရိုင်တရားရုံးတွင် တရားစွဲဆိုမှုသည် အမှုပေါင်းလေးဆခန့် ပိုမိုများပြားလာပါကြောင်း၊ ထို့ကြောင့် ခရိုင်ရုံးသို့ပို့ရသည့် မူးယစ်အမှုတစ်ခုအတွက် အကြောင်းအမျိုးမျိုးကြောင့် ပြင်ဦးလွင်ခရိုင်ရုံးသို့ တစ်ကြိမ်မက သွားရောက်ရသည့် ရဲဝန်ထမ်းများသည် နိုင်ငံတော်မှပံ့ပိုးသည့် ကုန်ကျစရိတ်ထက် ပိုမိုကုန်ကျလာပြီး မိမိကိုယ်ပိုင်ငွေမှ စိုက်ထုတ်ကျခံသူများရှိသောကြောင့် မြို့နယ်အဆင့် ရဲဝန်ထမ်းများအတွက် အခက်အခဲတစ်ခု ဖြစ်ပါကြောင်း။ ဖမ်းသည့်အခါ အလုပ်များပိုရှုပ်ပြီး ပိုက်ဆံလည်းကုန်သည့်အတွက် မဖမ်းဘဲနေလျှင် ကောင်းမည်ဟု တွေးထင်လာနိုင်ပြီး ရေရှည်တွင် ဖမ်းဆီးရရှိမည့်အမှုအရေအတွက်ပါ လျော့ကျလာနိုင်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် အပြည့်အဝရရှိရန် ခက်ခဲလာမည် ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားအရ သပိတ်ကျင်းမြို့နယ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ပံ့ပိုးမှုနှင့် ရပ်ကွက်ကျေးရွာအုပ်စုများမှ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ကွင်းဆင်း၍ ရပ်ကျေးအုပ်စုအလိုက် ဟောပြောပွဲများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး သိကောင်းစရာများ၊ စာသင်ကျောင်းများတွင် ကျောင်းသား/သူ များကို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပါကြောင်း၊ သပိတ်ကျင်းမြို့နယ်သည် မြို့နယ်ဧရိယာကျယ်ဝန်းမှု၊ ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်မှု၊ သတင်းရသည့်နေရာသို့ အချိန်မီရောက်ရှိနိုင်ရန် မော်တော်ယာဉ်မလုံလောက်မှု၊ မြို့နယ်မူးယစ်အထူးအဖွဲ့မရှိမှု၊ ခရိုင်ရုံးသို့တရားစွဲဆို တင်ပို့ရာတွင် တွေ့ကြုံရမည့်အခက်အခဲ စသည့် အကြောင်းများကြောင့် သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရာတွင် ထင်သလောက် ခရီးမပေါက်ပါကြောင်း၊ ထို့ကြောင့် သပိတ်ကျင်းမြို့နယ် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ နှိမ်နင်းနိုင်ရန်အတွက် မြို့နယ်မူးယစ်အထူးအဖွဲ့ကို ဖွဲ့စည်းတာဝန်ချထားပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ၊ မော်တော်ယာဉ်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မှုရှိ/မရှိနှင့် ပြင်ဦးလွင်ခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ရာတွင် ရဲတပ်ဖွဲ့ဝင်များ၏ တွေ့ကြုံရသည့် အခက်အခဲကို အဆင်ပြေအောင် မည်သို့ဖြေရှင်းဆောင်ရွက် ပေးနိုင်မည်ကို မေးမြန်းခဲ့သည်။