(က)-သနပ်ပင်မြို့နယ်၊ မင်းရွာ ARDC ခလပ်စုရိုးအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

မင်းရွာမှ ကုလားချောင်းကြီး ခလပ်စုအထိ ၁၆ မိုင်ခန့်ရှည်လျားသည့် ARDC ချောင်းကို ပဲခူး-စစ်တောင်း တူးမြောင်းကနေ စစ်တောင်းမြစ်ကို သွယ်တန်းထားခြင်း ဖြစ်ပါကြောင်း၊ ထိုချောင်းကို ၂၀၁၃ ခုနှစ်က ဆည်မြောင်းဦးစီးဌာနမှ ပြန်လည်တူးဖော် ပြုပြင်ပေးသည့်အတွက် ချောင်းရိုးတလျှောက်တွင်ရှိသည့် မင်းရွာ၊ တာဝ၊ အောက်သောင်၊ အောက်ကတဲ၊ ခလပ်စု၊ ကုလားချောင်းကြီး ဝဲပြန်၊ ရွှေလှေစု၊ ညောင်ပင်စုစသည့် ကျေးရွာများနှင့် ဆက်စပ်သည့် ကျေးရွာများအတွက် အလွန်အသုံးဝင်ခဲ့ပါကြောင်း၊ မိုးတွင်းအခါ ရေကြီးခြင်းများ သက်သာပြီး နွေအခါတွင် နွေစပါးစိုက်ပျိုးနိုင်ခဲ့ခြင်းကြောင့် ဖြစ်ထွန်းအောင်မြင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် လမ်းပန်းဆက်သွယ်ရေးကိုလည်း ပိုမိုကောင်းစေသည့်အတွက် ဒေသဖွံ့ဖြိုးရေးသည် အင်မတန်မှ အကျိုးဖြစ်ထွန်းစေခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းချောင်းသည် နုန်းများပို့ပြီး ပြန်လည်ကောလာနေသည့်အတွက် ချောင်း၏သဘောအရ အထက်ကမှအောက်ကို စစ်တောင်းမြစ်ထဲသို့ စီးဆင်းရမည့်အစား အထက်ကိုပြန်ဆန်ပြီး ပြောင်းပြန်စီးဆင်းနေသည်ဟု သိရပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ ချောင်းသည် အင်မတန်အရေးကြီးသည့် ချောင်းဖြစ်သော်လည်း အကျိုးမပြုသကဲ့သို့ ဖြစ်နေပါကြောင်း၊ အထူးသဖြင့် ချောင်း၏အောက်ပိုင်း ၂ မိုင်ခန့်သည် နုန်းများပိတ်နေသည်ကို သိရှိရပါကြောင်း၊

၎င်းချောင်းကြီးကို အမြန်ပြန်လည်တူဖော် ပေးရန်အတွက်ကို ဒေသခံပြည်သူများကလည်း ပြန်လည်တင်ပြ ကြပါကြောင်း၊ ချောင်းကိုပြန်လည်တူးဖော်ပေးမည်ဆိုပါက ချောင်းရိုးတလျှောက်တွင်ရှိသည့် ကျေးရွာများနှင့် ဆက်စပ်သော ကျေးရွာ ၂၀ ခန့်သည် ရေကြီးရေလျှံမှုများ သက်သာပြီး မိုးစပါးများပိုမို ဖြစ်ထွန်းစေမည် ဖြစ်သကဲ့သို့ နွေးစပါးများလည်း စိုက်ပျိုးအောင်မြင်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးလည်း ပိုကောင်းစေခြင်း ဖြစ်သည့်အတွက် ထိုချောင်းကိုတူးဖော်ပေးခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် အင်မတန်အကျိုး ဖြစ်ထွန်းစေမည် ဖြစ်သည့်တွက် သနပ်ပင်မြို့နယ် မင်းရွာ၊ ခလပ်စု ARDC ရိုးကို ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။