(ခ)-မြစိမ်းရောင်စီမံကိန်းအား ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများ၌ ထပ်မံတိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မြစိမ်းရောင်ကျေးရွာ စီမံကိန်း၏ ဦးစားပေးဆောင်ရွက်ရန် အစီအစဉ် ခြောက်မျိုးဖြစ်ပါကြောင်း၊ မြို့နယ်ဧရိယာ၏ ၁၁ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးမြေရှိခြင်း၊ ကုန်ထုတ်ခြင်းနှင့် ကုန်သွယ်ခြင်းစသည့် စီးပွားရေးလုပ်ငန်းများ မရှိသည့်မြို့ ဖြစ်ခြင်းတို့ကြောင့် စီမံကိန်း၏ ဦးစားပေးဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များသည် ပန်းတောင်းမြို့နယ်က ပြည်သူအများစုအတွက် လိုအပ်ချက်များ ဖြစ်ပါကြောင်း၊ ထိုစီမံကိန်းမှရရှိမည့် အကျိုးကျေးဇူး ၁၁ မျိုးဖြစ်ပြီး အများစုမှာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှုအတွက် ရည်ရွယ်ကြောင်း ပေါ်လွင်ပါသည်။ ကျေးရွာပေါင်း ၂၁၀ ရှိသည့် ပန်းတောင်းမြို့နယ်တွင် ရွာ ၂၃ ရွာသာ စီမံကိန်းရထားခြင်းကြောင့် ကျန်ရွာများကလည်း အကျိုးကျေးဇူးများ လိုအပ်နေဆဲ ဖြစ်ပါကြောင်း၊ ပန်းတောင်းမြို့နယ်ထဲတွင် ၎င်းရွေးချယ်သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျေးရွာများစွာ ကျန်ရှိနေသဖြင့် လိုအပ်လျက်ရှိနေဆဲ ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး အပါအဝင် လူထုဗဟိုပြု စီမံကိန်းရရှိထားသော မြို့နယ်များတွင် မြစိမ်းရောင်စီမံကိန်း ရရှိထားမှုအခြေ အနေတင်ပြချက်ဖြစ်ပြီး စီမံကိန်းနှစ်ခုတစ်ပြိုင်တည်း ဆောင်ရွက်နေသည့် ကျေးရွာ ၁၅၈၆ ရွာဖြစ်ကြောင်း တွေ့ရှိရပါသည်။ ပန်းတောင်းမြို့နယ်တွင် CDD ရရှိပြီး ၂၀၁၆-၁၇ ခုနှစ် နောက်ပိုင်းမှစ၍ မြစိမ်းရောင်စီမံကိန်း မရရှိခြင်းကြောင့် စီမံကိန်းအကောင်အထည်ဖော်မှုမှာ မညီမျှသကဲ့သို့ ဖြစ်နေပါကြောင်း၊ ပြည်/ခရိုင် ခြောက်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေသည့် ကျေးရွာ အရေအတွက်များ ဖြစ်ပါကြောင်း၊ လူဦးရေ ၁၅၀၀၀၀ ကျော်ရှိသည့် ပန်းတောင်းမြို့နယ်၏ မြစိမ်းရောင် စီမံကိန်းရရှိမှုမှာ ပြည်/ခရိုင်တွင် အနည်းဆုံးဖြစ်နေသည့်အတွက် ရရှိသည့်ကျေးရွာ အရေအတွက်ကလည်း အလွန်ကွာခြားနေပါကြောင်း၊
ပန်းတောင်းမြို့နယ်တွင် ၂၀၁၄-၁၅ ခုနှစ်တွင်တစ်ရွာ၊ ၂၀၁၅-၁၆ ခုနှစ်တွင် ၁၅ ရွာ၊ ၂၀၁၆-၁၇ ခုနှစ်တွင် ၄ ရွာ စုစုပေါင်းကျေးရွာပေါင်း ၂၃ ရွာတွင် ယူနစ်ပေါင်း ၂၀ သာရရှိပြီး နောင်နှစ်များတွင် အဆိုပါ စီမံကိန်းထပ်မံတိုးချဲ့ လုပ်ကိုင်ခွင့် မပေးတော့ပါကြောင်း၊ လူမှုစီးပွား အကြပ်အတည်းများကြောင့် ကျေးရွာအချို့မှ ပြည်သူများကလည်း မြစိမ်းရောင်စီမံကိန်း လိုအပ်ပါကြောင်း၊ လူထုဗဟိုပြုစီမံကိန်း ပေးသည်ဆိုခြင်းမှာလည်း အခြားမြို့နယ်များထက် ဖွံ့ဖြိုးမှုလိုအပ်နေခြင်းကြောင့် ဖြစ်ပါကြောင်း၊ အခြားမြို့နယ်များနည်းတူ မြစိမ်းရောင် စီမံကိန်းတိုးချဲ့ ဆောင်ရွက်မပေးလျှင် အခြားမြို့နယ်များထက် လူမှုစီးပွားဘဝ ပန်းတောင်းမြို့နယ်က ပိုပြီးနိမ့်ကျနေမည် ဖြစ်သည့်အတွက် မြန်မာပြည်၏ ဖွံ့ဖြိုး တိုးတက်မှုမှာ ပန်းတောင်းမြို့နယ်မှ ပြည်သူများမကျန်ရစ်စေရန်အတွက် အထက်ပါမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါသည်။