(စ)-တောင်ငူ-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်းမပေါ် ဆိုက်ခေါင်မှတောင်ဘက် ကယားနယ်စပ်အထိ နှင့် (၂)မိုင်အတွင်းရှိကျေးရွာများအား ဓာတ်အားလိုင်း သွယ်တန်းပေးမည့်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်သည် စတုရန်းမိုင် ၉၇၁ ကျယ်ဝန်းပြီး မြို့ပေါ် ခြောက်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ ရွာပေါင်း ၃၂၂ ရွာဖြင့့်် ဖွဲ့စည်းထားရှိပြီး ပအိုဝ်း၊ ရှမ်း၊ ဗမာ၊ ကယန်း၊ လီဆူး၊ အင်းသားနှင့် အခြားတိုင်းရင်းသားများအပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀၀၀၀ ခန့် နေထိုင်လျက်ရှိပါကြောင်း၊ အရှေ့ဘက်တွင်  မောက်မယ်မြို့နယ်၊ လွိုင်လင်မြို့နယ်၊ အနောက်ဘက် တွင် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် တောင်ဘက်တွင် လောပိတရေအား လျှပ်စစ်စက်ရုံတည်ရှိရာ ကယားပြည်နယ် လွိုင်ကော်မြို့နယ်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါကြောင်း၊ ၎င်းအနက် အရှေ့ရိုးမတောင်တန်းပေါ် ဖြတ်သန်းဖောက်လုပ်ထားသော အရှည် ၂၁၇ မိုင်ရှည်လျားသည့် တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်းမကြီး၏ ၄၆ မိုင် အစိတ်အပိုင်းသည် ဆီဆိုင်မြို့နယ်ကို တောင်မှမြောက် အလျားလိုက် ဖြတ်သန်းလျက်ရှိပါကြောင်း၊ ဆီဆိုင်မြို့နယ်သည် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ပြီး လျှပ်စစ်မီးရရှိခဲ့ပါကြောင်း၊ မီးလင်းရေး ဆောင်ရွက်ရာတွင်လည်း ဒေသနေတိုင်းရင်းသားပြည်သူများက အခက်အခဲများစွာကြားထဲမှ ဝိုင်းဝန်း တာဝန်ယူပြီး ငွေကြေးများစွာ စိုက်ထုတ်ကျခံကာ ကိုယ့်အားကိုယ်ကိုး ပါဝင်ဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ ဆီဆိုင်မြို့နယ်၏ကျေးလက်မီးလင်းခွင့်ရာခိုင်နှုန်းသည် ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသေး ပါကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနအစီအစဉ်ဖြင့် မီးလင်းခွင့်ရရှိသော ကျေးရွာများ၏ ကုန်ကျငွေသည် Meter Box ဌာန သွင်းငွေနှင့် Service ကြိုး၊ Main ခုံတစ်ခု၊ မီးသုံးခွင့်အပါ ၂၅၀၀၀၀ ကျပ်ဖြစ်ပြီး ကိုယ့်အားကိုယ်ကိုးပါဝင်သောကျေးရွာများတွင် အိမ်ထဲမီးအလင်းကုန်ကျငွေက ခုနစ်သိန်း ခန့် ကုန်ကျနေသောကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်လျက်ရှိပြီး ဒေသခံပြည်သူအချို့ကလည်း ညည်းညူ နေကြပါကြောင်း၊ အိမ်တိုင်းမီးလင်းခွင့်ရရှိရန်အတွက်လည်း အဟန့်အတားဖြစ်စေလျက်ရှိပါကြောင်း၊ ကျေးလက်နေဘဝတူပြည်သူများအကြား ကွဲပြားမှု၊ ခွဲခြားမှုရှိနေသကဲ့သို့ဖြစ်နေပြီး မြို့ပြနေ ပြည်သူများသည် ကိုယ့်အားကိုယ်ကိုးထည့်ဝင်စရာမလိုကြောင်း တွေ့ရှိရပါကြောင်း၊ ကျေးလက်ဒေသ တွင် နေထိုင်ကြသော တိုင်းရင်းသားပြည်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ပြီး အသက် မွေးဝမ်းကျောင်းပြုသည်မှာ အားလုံးအသိသာ ဖြစ်ပါကြောင်း၊ ယခုနှစ်ကာလများတွင် စိုက်ပျိုးသီးနှံ အများစု ကုန်ဈေးနှုန်းကျဆင်းခြင်း၊ သွင်းအားစုနှင့် စရိတ်စကမြင့်မားလာခြင်းတို့ကြောင့် စားဝတ် နေရေး အခက်အခဲများ ကြုံတွေ့လျက်ရှိပြီး မူလသဘောသဘာဝအရ အစစအရာရာ နိမ့်ကျနောက်ကျ ကျန်ရစ်နေသော ကျေးလက်နေပြည်သူများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်/စွမ်းအင်ကဏ္ဍက လွန်စွာအရေးပါသည့်အတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဘဏ္ဍာငွေပိုမိုခွဲဝေလျာထားသုံးစွဲ ပေးရန် တိုက်တွန်းတင်ပြ တောင်းဆိုလိုပါကြောင်း၊

ဆီဆိုင်မြို့နယ်အတွင်းရှိ ပြည်ထောင်စုကားလမ်းမတစ်လျှောက်ကျေးရွာများသည် လျှပ်စစ်မီးမရသေး သော်လည်း ကယားပြည်နယ်အတွင်း အဆိုပါပြည်ထောင်စုကားလမ်းမတစ်လျှောက်ရှိ ကျေးရွာများ ဆီဆိုင်မြို့နယ်စပ်ထိရှိသော လွိုင်လင်လေးကျေးရွာ၊ ထီးစဲခါးရေတံခွန်ရှိရာကျေးရွာအထိကို ၂၀၁၂ ခုနှစ်ကတည်းက မီးလင်းခွင့်ရရှိခဲ့ကြပါကြောင်း၊ လျှပ်စစ်မီးမရှိခြင်းကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝတွင် အဖက်ဖက်နိမ့်ကျကျန်ရစ်ကာ သစ်တောများလည်း အဆမတန် ပြုန်းတီးမှု များပြားလာပါကြောင်း၊ ဆီဆိုင်မြို့နယ်တွင် ဆိုက်ခေါင် ဓာတ်အားခွဲရုံ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ၊ ဆီဆိုင်မြို့ခွဲရုံ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ ဘန်းယဉ်ကျေးရွာ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း သွယ်တန်းပြီးစီးခဲ့ပါကြောင်း၊ ပြည်ထောင်စုလမ်းမကြီး၏မြောက်ဘက်ခြမ်း ၁၆ မိုင်အတွင်း လမ်းမပေါ်ရှိကျေးရွာအများစု၏ ၉၅ ရာခိုင်နှုန်းခန့်က မီးလင်းခွင့်ရရှိခဲ့သော်လည်း လမ်းမကြီးတောင်ဘက်ခြမ်း မိုင် ၃၀ အတွင်း ကယား ပြည်နယ် နယ်စပ်အထိ လမ်းမပေါ်ရှိကျေးရွာနှင့် နှစ်မိုင်အတွင်းရှိ ကျေးရွာ ၂၅ ရွာတွင် လေးရွာသာ မီးလင်းခွင့်ရရှိသေးသည့်အတွက် တောင်ငူ-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်းမပေါ် ဆိုက်ခေါင်မှ တောင်ဘက် ကယားနယ်စပ်အထိနှင့် (၂)မိုင်အတွင်းရှိကျေးရွာများအား ဓာတ်အားလိုင်း သွယ်တန်း ပေးမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။