(ဃ)-ထီးလင်းမြို့နယ်အတွင်း ကျင်းကျေးရွာဒေသရှိ ကျေးရွာကိုးရွာ လျှပ်စစ်မီးရရှိရေးစီစဉ်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ထီးလင်းမဲဆန္ဒနယ်အတွင်းရှိ ကျင်းဒေသသည် ပုံတောင်ပုံညာကြားတွင် တည်ရှိပြီး တောင်နှင့် မြောက်အလျားလိုက်တည်ရှိနေသော ဒေသလေးတစ်ခုဖြစ်ပါကြောင်း၊ ထီးလင်းမြို့နှင့် ၂၃ မိုင်ကျော် ဝေးကွာသည့်ဒေသတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါဒေသသည် ထီးလင်း-ပေါက်ကားလမ်းပေါ်တွင် တည်ရှိပြီး သွားလာရလွယ်ကူသောဒေသတစ်ခုလည်းဖြစ်ပါသည့်အပြင် ကျေးရွာအုပ်စုပေါင်း ကိုးခု၊ အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော်၊ လူဦးရေပေါင်း ၄၀၀၀ ကျော် နေထိုင်သည့်ဒေသဖြစ်ပါကြောင်း၊ ၎င်းဒေသသည် တစ်ရွာနှင့်တစ်ရွာနီးကပ်စွာတည်ရှိပြီး တောင်စွန်းနှင့်မြောက်စွန်းသည် ၁၅ မိုင်ခန့် သာရှိပြီး ဆောမြို့နယ်ဘက်က တပြင်းကျေးရွာနှင့်လည်းဆက်သွယ်လျက်ရှိပါကြောင်း၊ လမ်းပမ်း ဆက်သွယ်ရေးအနေဖြင့် ကောင်းမွန်သောကျေးရွာများလည်းဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့်လည်း အချက်အခြာကျသော ကျင်းကျေးရွာကိုမှီခိုအားထားပြီး နေထိုင်ကြရပါကြောင်း၊ ကျင်းကျေးရွာသည် တက္ကသိုလ်ဝင်ခွင့်စာစစ်ဌာနဖွင့်ပြီးဖြစ်သော အခြေခံပညာအထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ရဲစခန်းများရှိသောကျေးရွာလည်းဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် ၎င်း အထက်တန်းကျောင်းတွင်လာရောက်ပြီး ပညာသင်ကြားနေသော ဒေသအသီးသီးက ကျောင်းသူ ကျောင်းသားများ၏ ပညာရေး၊ ဒေသခံပြည်သူများ၏ကျန်းမာရေး၊ အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လျှပ်စစ်မီးသည် အဓိကလိုအပ်နေသည့်အပြင် ကျင်းကျေးရွာမှတစ်ဆင့် အခြားကျေးရွာများသို့လည်း ကျင်း-တပြင်းလမ်းမကြီးအတိုင်း လွယ်ကူစွာသွယ်တန်းဆက်သွယ်သွားမည်ဆိုပါက ယင်းဒေသတစ်ခု လုံး လျှပ်စစ်မီးရရှိသွားမည် ဖြစ်ပါကြောင်း၊ ယခုလက်ရှိအချိန်တွင် ကျင်းကျေးရွာရှိဒေသတစ်ခုလုံး သည် မိမိအစီအစဉ်ဖြင့်မိမိ ကိုယ်ထူကိုယ်ထလျှပ်စစ်မီးများကိုသာ အသုံးပြုရပြီး တစ်ညလျှင် နှစ်နာရီ မှ သုံးနာရီခန့်သာ အလင်းရောင်အတွက် ရရှိနေခြင်းဖြစ်သည့်အတွက် ကျောင်းသူ ကျောင်းသားများ အတွက် ပညာရေးသာမက ပြည်သူလူထုများအတွက် စီးပွားရေး၊ ကျန်းမာရေး၊ မိုးလေဝသသတင်း အချက်အလက်များကအစ အခြားဖျော်ဖြေရေးအစီအစဉ်များပါ လေ့လာနိုင်ရန် ခက်ခဲနေပါကြောင်း၊ ထို့ကြောင့် အဆိုပါဒေသတွင် လျှပ်စစ်မီးရရှိပါက ဒေသရှိကျောင်းသူ ကျောင်းသားများ၏ ပညာရေး၊ ပြည်သူများ၏ကျန်းမာရေး၊ စီးပွားရေးသာမက အခြားဖွံ့ဖြိုးရေးလုပ်ငန်းများပါ ဆောင်ရွက်လာနိုင်မည် ဖြစ်သည့်အတွက် အမှန်တကယ် လိုအပ်နေသည့်အတွက် ထီးလင်းမြို့နယ် ကျင်းဒေသရှိ ကျေးရွာ ကိုးရွာကို လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။