(က)-ပဲခူးမြို့တွင် အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းကျောင်း(AGTI)နှင့် ဆရာအတတ်သင်ပညာရေး ကောလိပ်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

ပဲခူးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ပဲခူးမြို့သည် လူဦးရေအထူထပ်ဆုံးနှင့် အစည်ကားဆုံးမြို့ ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ ထွန်းကားရာမြို့ ဖြစ်သကဲ့သို့ ရန်ကုန်-မန္တလေးလမ်းမနှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်သွားသည့် လမ်းဆုံမြို့လည်း ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ သာယာဝတီခရိုင်၊ ပြည်ခရိုင်ဟူ၍ ခရိုင်လေးခု ရှိပါကြောင်း၊ လူဦးရေက ငါးသန်းခန့်ရှိပြီး ပဲခူးခရိုင်တွင် လူဦးရေနှစ်သန်းခန့် ရှိသော်လည်း ပဲခူးမြို့တွင် တက္ကသိုလ်တစ်ခုတည်းရှိပြီး တောင်ငူတွင်တက္ကသိုလ်၊ ကောလိပ်ခြောက်ခုထိ ရှိပါကြောင်း၊ ပဲခူးခရိုင်အတွင်း များပြားလှသော ကျောင်းသား/သူများနှင့် ဆရာ/မများသည် ဝေးလံသော၊ စရိတ်စကများသော တောင်ငူတက္ကသိုလ်နှင့် ပြည်တက္ကသိုလ်တို့တွင် အဆင့်မြင့်ပညာများကို သွားရောက်သင် ခဲ့ကြရပါကြောင်း၊ စရိတ်မတတ်နိုင်သည့်သူများ အဆင့်မြင့်ပညာများနှင့် အလှမ်း ဝေးခဲ့ရပါကြောင်း၊ သာယာဝတီနှင့်ပြည်ခရိုင် နှစ်ခုပေါင်းသည် ပဲခူးခရိုင်၏ ကျောင်းသားစာရင်းနှင့် တူညီသကဲ့သို့ ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း လူဦးရေအများဆုံးဖြစ်သော ပဲခူးခရိုင်တွင် တစ်ခုသာရှိပြီး သာယာဝတီခရိုင်တွင် တက္ကသိုလ်၊ ကောလိပ်နှစ်ခု၊ ပြည်ခရိုင်တွင်လေးခုနှင့် တောင်ငူခရိုင်တွင် ၆ ခုရှိပါကြောင်း၊

မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုအရွေ့တွင် အရည်အသွေးမြင့်မားသည့် နည်းပညာရပ်များ၊ သက်မွေးမှုပညာရပ်များ၊ လေ့ကျင့်ရေးနှင့် စွမ်းရည်ပြည့်ဝသော ကျွမ်းကျင်လုပ်သားများ ပေါ်ထွက် ရေးအတွက် မူဝါဒများချမှတ်ဆောင်ရွက်နေပါကြောင်း၊ လာမည့်ကာလများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး အတွက် ကျွမ်းကျင်သောလုပ်သားများ အများအပြားလိုအပ်လာမည် ဖြစ်ပါကြောင်း၊ လိုအပ်လာမည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးကဲ့သို့သော လူဦးရေ ထူထပ် များပြားသောမြို့တွင် စက်မှုလက်မှုသိပ္ပံကျောင်း ဖွင့်လှစ်ပေးရန် အမြန်ဆုံးလိုအပ်နေပါကြောင်း၊ ၎င်းကျောင်းကို အခြေခံပြီး Vocational Training သင်တန်းများကို ကာလတို၊ ကာလရှည် သင်ပေးပြီး အရည်အသွေးမြင့် ကျွမ်းကျင်လုပ်သားများကို ပြုစုပျိုးထောင်မွေးထုတ်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အလုပ်အကိုင်အခွင့်အလမ်း၊ ဆင်းရဲမှုလျှော့ချရေးနှင့် တိုင်းပြည်စီးပွားဖွံ့ဖြိုး တိုးတက်ရေးများ ဖြစ်ထွန်းလာမည် ဖြစ်ပါကြောင်း၊

လက်ရှိ နိုင်ငံတော်အစိုးရက အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်နေပြီး ချို့တဲ့ကျောင်းသားများကို ထောက်ပံ့ပေးခြင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးဆောင်ရွက်နေခြင်းနှင့် ကျောင်းများတိုးချဲ့ဖွင့်လှစ်၍ ကျောင်းအဆင့်များ တိုးမြှင့်ဆောင်ရွက်နေခြင်းတို့ကြောင့် ဆရာ/မ လိုအပ်ချက်မြင့်မားလာပြီး သင်ရိုးနှင့်ပညာရေးစနစ် ပြုပြင်ပြောင်းလဲခြင်း များကြောင့်လည်း ဆရာ/မများကို စဉ်ဆက်မပြတ် လေ့ကျင်သင်ကြားမှုများ ပြုနေရပါကြောင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်အတွက်လည်း ပဲခူးမြို့တွင်ပညာရေးကောလိပ်တစ်ခု ဖွင့်လှစ်ပေးရန် အမြန်လိုအပ် နေပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (AGTI) သင်တန်းကျောင်းနှင့် ပညာရေးကောလိပ်တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။