(ဃ)-၂၀၁၈-၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမေးခွန်းများ ပုံစံပြောင်းမေးမြန်းရန် စီစဉ်ထားခြင်းနှင့် ယခုနှစ်တွင် နဝမတန်းမှသာ စတင်ပြောင်းလဲပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
(ဃ)-၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမေးခွန်းများ ပုံစံပြောင်းမေးမြန်းရန် စီစဉ်ထားခြင်းနှင့်ဆက်စပ်၍ မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ချက်ချင်းပြောင်းလဲရန်စီစဉ်ထား သည်ကို သိလိုခြင်းနှင့် အလေ့အကျင့်ရရှိစေရန် ယခုနှစ်တွင် နဝမတန်းမှသာ စတင်ပြောင်းလဲပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်ရန်အတွက် ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းအားထုတ်လျက်ရှိရာ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရန်အတွက်လည်း ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူအားဖြင့် မိဘများအားလုံးက လက်ခံထားကြပါကြောင်း၊ ပညာရေးကဏ္ဍအနေနှင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၁) ကို အကောင်အထည်ဖော်သည့်အခါ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာများကို အခြေခံပညာအထက်တန်းအဆင့်တွင် ထည့်သွင်းသင်ကြားရန် မျှော်မှန်းထားကြပါကြောင်း၊ သို့သော် လက်ရှိကာလတွင် အဆင်သင့် မဖြစ်သေးပါကြောင်း၊
လွှတ်တော်သုတေသနဌာနမှ စာရင်းပြုစုပေးထားသော ခုနစ်နှစ်အတွင်း အခြေခံပညာအထက်တန်း အောင်မြင်မှုရာခိုင်နှုန်းကို ကြည့်မည်ဆိုလျှင် ၂၀၁၅ ခုနှစ်တွင် ၃၇.၆၀ ရာခိုင်နှုန်း၊ ၂၀၁၇-၁၈ ခုနှစ်တွင် ၃၂.၈၂ ရာခိုင်နှုန်း အောင်မြင်ခဲ့သည့်အတွက် ဖြေဆိုသူပေါင်း ၇၈၀၀၀၀ ကျော်တွင် ၂၅၀၀၀၀ ကျော် အောင်မြင်ခဲ့ပြီး ၅၃၀၀၀၀ ကျော် ကျရှုံးခဲ့ပါကြောင်း၊ အဆိုပါစာရင်းအရ နှစ်စဉ်သုံးပုံတစ်ပုံသာ အောင်မြင်ခဲ့ပါကြောင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) သည် အောင်ချက်ရာခိုင်နှုန်း အနည်းဆုံးဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အောင်ချက်နည်းသည့် ပြည်နယ်များ မည်သည့်အတွက်ကြောင့် နည်းရသည်ကို ဦးစားပေးစိစစ်သင့်သကဲ့သို့ ကွင်းဆင်းချိန်တွင်လည်း ပညာရေးအဆင့်အတန်း နိမ့်သည့် ဒေသအခက်အခဲနှင့် လိုအပ်ချက်များကို အလေးထားဂရုစိုက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုပါကြောင်း၊ နယ်မှကျောင်းသားမိဘများသည် ကလေးများ၏ ပညာရေးအတွက် အမြဲလို ပူပင်နေကြရပြီး တတ်နိုင်သည့် မိဘများသည် ၁၀ တန်းအောင်ရန်အတွက် ခုနစ်တန်း၊ ရှစ်တန်းမှစပြီး တစ်နှစ်လျှင် ရှစ်သိန်း၊ ၁၀ သိန်းမှ ၁၀ တန်းရောက်သည့်အခါ ၁၅ သိန်း၊ သိန်း ၂၀၊ သိန်း ၃၀ အထိ အကုန်အကျခံပြီး မြို့ကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများသို့ ပို့ပြီးကျောင်းထား နေကြရပါကြောင်း၊ မတတ်နိုင်သည့် ကျောင်းသားမိဘများသည် ခြိုးခြံချွေတာဒုက္ခခံပြီး ကျူရှင်၊ စာကျက်ဝိုင်းများတွင် ထားနိုင်ရန်လုပ်ပေး နေကြပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲသည် ကလေးများ၏ ဘဝအနာဂတ်ခရီး လှပရန်အတွက် ဘဝတစ်ဆစ်ချိုးအပြောင်းအလဲ တစ်ခုဖြစ်သဖြင့် မိဘများစိတ်ပူ နေကြရပါကြောင်း၊ အောင်မြင်သူအနည်းစုဖြစ်ပြီး စာမေးပွဲကျသည့် ကလေးမိဘ အများစုတွင် ကျောင်းပြန်မထားနိုင်သည့်အတွက် ကျောင်းသားမိဘများအပေါ် ရိုက်ခတ်မှုအလွန် ကြီးပါကြောင်း၊ လက်ရှိတစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်းနှင့် စဉ်းစားကြည့်လျှင် သုံးပုံနှစ်ပုံ ကျသွားသည့် ကလေးများထဲမှ ကျောင်းပြန်ဆက်တက်နိုင်သည့် ကလေးရှိသကဲ့သို့ လုပ်ငန်းခွင် ရောက်သွားသည့် ကလေးလည်းရှိပါကြောင်း၊ ယောင်ခြောက်ဆယ်ဖြစ်သွားသည့် ကလေးများလည်း ရှိသည့်အတွက် မိမိတို့အစိုးရအနေနှင့် ထိုကလေးများအတွက်မည်ကဲ့သို့ စဉ်းစားဆောင်ရွက် ပေးနိုင်မည်နည်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် ဦးစွာတာဝန်ကျေအောင် မည်ကဲ့သို့ လုပ်ပေးကြမည် နည်းဆိုသည်ကို ကြိုတင်စဉ်းစားထားရန် လိုအပ်ပါကြောင်း၊ ကလေးများ၏ဘဝ ဆုံးရှုံးနစ်နာသကဲ့သို့ နိုင်ငံတော်အတွက်လည်း နစ်နာလှပါကြောင်း၊
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသည့်အခါ ၉ တန်း၊ ၁၀ တန်း သင်ခန်းစာနှစ်ခုစလုံးကို ပေါင်းပြီး ဖြေကြရပါကြောင်း၊ ထို့ကြောင့် ကျောင်းသားမိဘများအပေါ် ရိုက်ခတ်မှုကြီးသည့် ၁၀ တန်းမှစပြီး မေးခွန်းပုံစံ ပြောင်းမည့်အစား အလေ့အကျင့်ရအောင် နဝမတန်းမှ ဦးစွာမေးခွန်းပုံစံ ပြောင်းလဲ မေးသင့်သည်ဟု မြင်မိပါကြောင်း၊ အောင်ချက်ရာခိုင်နှုန်းလက်ရှိထက် လျော့သွားပြီး အများနစ်နာ သွားမည်ကိုစိုးရိမ်မိသဖြင့် ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းများ ပုံစံပြောင်းမေးမြန်းရန် စီစဉ်ထားခြင်းနှင့် ဆက်စပ်၍ မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ချက်ချင်းပြောင်းလဲရန်စီစဉ်ထားသည်ကို သိလိုခြင်းနှင့် အလေ့အကျင့်ရရှိစေရန် ယခုနှစ် နဝမတန်းမှသာ စတင်ပြောင်းလဲပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။