(စ)-မုံရွာမြို့၊ အလုံရပ်ကွက်၊ မင်းဒေါင့်နယ်မြေ အ.မ.က(၄၂)ကျောင်းဝင်းဟောင်းမြေနေရာအား ကျောင်းပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-26

မိမိတို့ အ.မ.က ကျောင်းများကို ၁၉၉၀-၉၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ထိုကျောင်းများသည် ပညာရေးဌာနပိုင်အဖြစ် မြေစာရင်းပုံစံ (၁၀၅) (၁၀၆) ကို ၁၉၉၅-၉၆ ခုနှစ်တွင် ပြုလုပ်ပြီးဖြစ်ပါကြောင်း၊ ၎င်းကျောင်းကို အမှီပြုပြီး မုံရွာမြို့တွင်ရှိသည့် မင်းဒေါင့်ဖောက်ခွဲရေးဝင်း၊ ရေအားလျှပ်စစ်ဝင်း နောက်ပြီး ရွှေစိတ်ကြည်ရပ်ကွက်မှ အခြေခံဝန်ထမ်းများနှင့် အခြေခံလူထုများ၏ သားငယ်၊ သမီးငယ်များ ဖြစ်ကြပါကြောင်း၊ ထိုကျောင်းလေးဖွင့်လှစ်ပြီး ၂၀၀၁ ခုနှစ် ရောက်သည့်အခါ ဟုမ္မလင်းမြို့နယ်အတွက် စစ်ဦးစီးစီမံချက်ဖြင့် လေယာဉ်ကွင်းဆောက်လုပ်ရန် ကျလာခဲ့ပါကြောင်း၊ အမှတ် (၂) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်၊ တောင်ငူမြို့တပ်မှူးမှ ကုန်းလမ်း၊ ရေလမ်းတို့မှ သွားလာရန်လွယ်ကူသည့် ယာယီအုပ်ချုပ်ရေးရုံး ဆောက်လုပ်ရေးပစ္စည်းများ ခေတ္တထားရန် ယာယီကြားစခန်းအတွက် အသုံးပြုရန် မြေနှစ်ဧကကို လုပ်ထုံးလုပ်နည်းနှင့်အညီ သုံးနှစ်ခန့်ခေတ္တယာယီအသုံးပြုရန် မြေနေရာ တောင်းခံလာပါသဖြင့် ကျောင်းဝင်းမြေ ၁.၈ ဧကအား ချထားပေးခဲ့ပါကြောင်း၊ ကျောင်းကို အလုံရပ်ကွက်၊ ဘဒဂုံနယ်မြေဘက်ကို ရွှေ့ပြောင်းပေးခဲ့ပါကြောင်း၊ အခက်အခဲဖြစ်သည်မှာ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးငယ်များသည် အဝေးပြေးလမ်းမကြီးကို ဖြတ်ကူးပြီး ကျောင်းတက်နေရခြင်း ဖြစ်ပါကြောင်း၊  ၎င်းသည် အင်မတန်အန္တရာယ် ကြီးမားသည့်အတွက် ယခုအခါ ကလေးငယ် ၇၄ လေးဦးနှင့် မိဘများ၊ ရပ်မိရပ်ဖများသည် ရွှေစိတ်ကြည်ရပ်တွင် နေထိုင်ပြီးသွားရေးလာရေး အခက်အခဲဖြစ်နေသည့်အတွက် အင်မတန် စိတ်မချမ်းမသာ ဖြစ်နေရပါကြောင်း၊ နိုင်ငံတော်တွင်လည်း ပညာရေးအတွက် အားထုတ်ကြိုးပမ်း နေသည့်အချိန်တွင် ကျောင်းထွက်သည့် ကလေးငယ်လျော့ပါးရေးအတွက် အန္တရာယ်စက်ဝန်းလို ဖြစ်နေသည့် ကားလမ်းမကြီးကိုဖြတ်ပြီး ကျောင်းတက်နေရသည့် အဖြစ်မျိုး မဖြစ်သင့်ပါကြောင်း၊ အခုလက်ရှိတွင် စစ်မှုထမ်းဟောင်းအဖွဲ့အစည်းက ခြံစည်းရိုးကာရံပြီး အုတ်ဘလောက်စက်ရုံ တည်ဆောက်ခဲ့သော်လည်း ယခုအခါ ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါကြောင်း၊ စစ်မှုထမ်းဟောင်း အဖွဲ့အစည်းက တိုင်းဒေသကြီးအစိုးရ၏ စီမံခန့်ခွဲမှုကိုလည်း နာခံမည်ဟု အကြောင်းပြန်ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။