(ည)-ရွှေကျင်မြို့နယ်၊ ရွှေကျင်-ဝင်းကံလမ်းပိုင်းရှိ ကွင်းဆိပ်-ကျုံချောင်း သုံးမိုင်ခွဲမြေသားတာဖို့လမ်းမကြီး ပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရွှေကျင်ချောင်းကူးတံတားကို ဘတ်ဂျက်ချပေးကာ စတင် အကောင်အထည် ဖော်နေပြီဖြစ်ပါကြောင်း၊ ၎င်းတံတားကြီးပြီးစီးသွားပါက ရွှေကျင်မှ ဝင်းကံ၊  သိမ်ဇရပ်၊ ကျိုက်ထိုအထိ သွားလို့ရသောမဟာဗျူဟာလမ်း ဖြစ်သည့်အတွက် နှစ်အလိုက် ရွှေကျင် တံတားကို ၂၀၁၇-၁၈ ဘတ်ဂျက်ကစပြီး အကောင်အထည်ဖော်ပါကြောင်း၊ ပြည်ထောင်စု ဘတ်ဂျက်ဖြင့် တံတားကိုအကောင်အထည်ဖော်ပါကြောင်း၊ လမ်းကိုတိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ကျုံချောင်းရွာမှ ကွင်းဆိပ်ရွာကို ဆက်သွယ်ထားသော ၃၅ မိုင်လမ်းကို အကောင်အထည်ဖော်နေပါကြောင်း၊ တန်ဖိုးပမာဏကြီးမားပါကြောင်း၊ အဆိုပါလမ်းမြေသား တာဖို့ခြင်းစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးစီး ဆောင်ရွက်ပြီး ဆောင်ရွက်နေခြင်းလား၊ သို့မဟုတ် ကုမ္ပဏီကို တင်ဒါပေးထားခြင်းလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိလိုပါကြောင်း၊ (၁/၂၀၁၇) အရ သိန်း ၁၀၀ ကျော်သည့် လုပ်ငန်းများသည် တင်ဒါခေါ်ရမည်ဆိုသော ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ စီမံကိန်းအကောင် အထည်မဖော်ခင်တွင် လမ်းရွေးရန်အတွက် ပြည်သူလူထုဆန္ဒခံယူပွဲ မိမိတို့လုပ်ခဲ့ပါကြောင်း၊ ယခုဆောင်ရွက်သည့်လမ်းက လမ်းကြောအသစ်၊ လက်ရှိသုံးနေသောလမ်းကြောအဟောင်းကို ယူမည်လား/လမ်းကြောအသစ်ကို ယူမည်လား ပြည်သူလူထုဆန္ဒကို ခံယူစဉ်ကတည်းက ယခုအကောင် အထည်ဖော်မည့်လမ်းကို ရွေးပါက ရွာထဲကိုဖြတ်သွားမည် ဖြစ်သည့်အတွက် အိမ်များသည် အနည်းနှင့်အများထိခိုက်မည် ဖြစ်ပါကြောင်း၊ ပြည်သူများလက်ခံနိုင်ခြင်း ရှိ/မရှိဆိုပြီး သဘောထားယူစဉ်ကာလတွင် ပြည်သူများက လက်ခံနိုင်သည့်အနေအထားမျိုး၊ အမှန်တကယ် အကောင်အထည်ဖော်သည့်အခါ မြေယာလျော်ကြေးများ ပေးလျော်ရာတွင် လယ်ကွက်များထဲကို ဖြတ်သွားသည့်အခါ လျော်သည့်အပိုင်းနှင့် ရွာတွင်းကိုဖြတ်သွားသည့်အခါ လျော်သည့်အပိုင်း နှစ်ပိုင်း ရှိပါကြောင်း၊  လယ်ကွက်ထဲကို ဖြတ်သန်းဖောက်လုပ်သည့်အခါ ပေးလျော်သော လျော်ကြေးကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားခြင်း မရှိသော်လည်း ရွာတွင်းကိုဖြတ်သန်းသွားရာတွင် ပေးလျော်သည့် လျော်ကြေးနှင့် ပတ်သက်၍ အငြင်းပွားခြင်းများ ပေါ်ပေါက်ပါကြောင်း၊ ပထမက ပြည်သူများနှင့် မိမိတို့ ညှိနှိုင်းစဉ်အခါက ပြည်သူများကလက်ခံနိုင်သည်ဟု ပြောပါကြောင်း၊ အမှန်တကယ် မြေယာလျော်ကြေး ပေးသည့်အခါ လယ်ယာမြေများကို ပေးပါကြောင်း၊ လယ်ကပေးလိုက်သော ပိုသောပိုက်ဆံ ၇၅ သိန်းကို ထိုက်သင့်သည့် အိမ်များကိုပေးလိုက်သည်ဟု ပြောပါကြောင်း၊ တိတိကျကျသတ်မှတ်ထားသော စံသတ်မှတ်ချက်နှင့်အညီ ပေးလျော်ခြင်းမျိုးမဟုတ်ဘဲ ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်တစ်ယောက်၏ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ပေးလျော်သည့်သဘောမျိုး ဖြစ်နေသည့်အခါ နောက်ဆုံး မိမိတို့က ပြည်သူများအတွက် ပြန်လည်ဖြေရှင်းရသည့်အခါ အငြင်းပွားမှုများ ဖြစ်ပါကြောင်း၊ အကယ်၍ စည်းစနစ်တစ်ခု၊ မူဘောင်တစ်ခုအတိုင်းသာလုပ်ပါက အငြင်းပွားသည့်အခါ ချပြလိုက်ပါက ပြီးပါကြောင်း၊ ကွင်းဆိပ်-ကျုံချောင်းလမ်းပိုင်း သုံးမိုင်ခွဲ မြေသားတာဖို့ခြင်းလုပ်ငန်း အကောင်အထည်ဖော်ရာတွင် သမ္မတရုံးမှထုတ်ပြန်ထားသော (၁/၂၀၁၇) နှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့် ခေါ်ယူခြင်းမရှိသနည်းနှင့် မည်ကဲ့သို့အရေးယူ ဆောင်ရွက်သွားမည်နည်း၊ လယ်ယာမြေများနှင့် ယာတွင်းဖောက်လုပ်ရာတွင် ပေးလျော်ခဲ့သည့် လျော်ကြေးများကို မည်သည့်မူများဖြင့် သတ်မှတ်ပေးချေခဲ့သည်နည်းနှင့် အဘယ်ကြောင့် နစ်နာမှုများကို တစ်ပြေးညီပေးလျော်ခဲ့ခြင်း မရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။