(ဆ)-တမူးခရိုင်အတွင်းရှိ အလှော်၊ ပွတ်တာနှင့် မင်းသမီးကျေးရွာများ ရွာနယ်နိမိတ်သတ်မှတ်ပေးရန် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
တမူးခရိုင်အတွင်း အလှော်ကျေးရွာ၊ ပွတ်တာကျေးရွာနှင့် မင်းသမီးကျေးရွာတို့သည် ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုတွင် ရွာလုံးကျွတ်ရေနစ်မြုပ်ခဲ့ပြီး ကျေးရွာသစ်များအဖြစ် နေရာသစ်တွင် ဖော်ထုတ်တည်ဆောက် ခဲ့ရပါကြောင်း၊ ယခုအခါ ရေ၊ မီး၊ လမ်း၊ နေအိမ်၊ အဆောက်အဦများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် နေထိုင်ရေးအဆင်ပြေ ကြသော်လည်း ကျေးရွာနေပြည်သူများအတွက် အိမ်ရာတိုးချဲ့ရန်ကိစ္စ၊ လယ်ယာမြေတိုးချဲ့ ဖော်ထုတ်ရန် ကိစ္စတို့မှာ ကျေးရွာနယ်နိမိတ် သတ်မှတ်မှုအား အတည်ပြုချက်များ မရရှိသရွေ့ အခက်အခဲအချို့ ရှိနေပါကြောင်း၊ ကျေးရွာနေပြည်သူများမှ ကျေးရွာနယ်နိမိတ် အတည်ပြုချက် ရရှိမှသာ အနီးရှိကျေးရွာများနှင့် မြေနေရာကိစ္စရပ်များအား ရှင်းရှင်းလင်းလင်း ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် အလှော်ကျေးရွာ၊ ပွတ်တာကျေးရွာနှင့် မင်းသမီးကျေးရွာတို့၏ ကျေးရွာနယ်နိမိတ် သတ်မှတ်ပေးရန် ကိစ္စအား သက်ဆိုင်ရာဝန်ကြီးဌာနက မည်သို့စီမံဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။