(က)-မတူပီမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြောင်းရေတိုက်စားခြင်းနှင့် မြေပြိုခြင်းကြောင့် နေအိမ်များပျက်စီးနေပါသဖြင့် အရေးပေါ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မတူပီမြို့တွင် ၂၀၁၅ ခုနှစ်က ကိုမာမုန်တိုင်းကြောင့် မိုးအကြီးအကျယ်ရွာသည့်အတွက် တစ်မြို့လုံးမြေပြိုမှုများ ဖြစ်ခဲ့ပါကြောင်း၊ ၎င်းကာလတွင် ချင်းပြည်နယ်မှာ ပထမမြေပြိုမှုအများဆုံး ဟားခါးဖြစ်ပြီးမှ မတူပီမြို့က ဒုတိယဖြစ်ပါကြောင်း၊ သို့သော်လည်း ၎င်းအချိန်ကာလအချိန်က မတူပီတွင် ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ မရှိသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့်လည်း မသိခဲ့ပါကြောင်း၊ ထို့ကြောင့် ပြန်လည်ထူထောင်ရေး နောက်မှ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ မည်သည့်အရာမှ မလုပ်ဆောင်နိုင်ခြင်းကြောင့် မိမိလွှတ်တော်ရောက်ပြီး နောက်ပိုင်း ၁၆-၁၁-၂၀၁၆ ရက်နေ့တွင် ၎င်းကိစ္စနှင့်ပတ်သက်ပြီး မေးခွန်းမေးမြန်း ခဲ့ပါကြောင်း၊ ထိုမေးခွန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖြေကြားရာတွင် မိမိတောင်းသည့် အချိန်က အရေးပေါ်ရန်ပုံငွေ ချပေးနိုင်ပါရန်ဟု တောင်းခံခဲ့သော်လည်း ဝန်ကြီးမှအရေးပေါ် မဟုတ်သည့် အတွက်ကြောင့် အရေးပေါ်ရန်ပုံငွေ မချပေးနိုင်ပါကြောင်း၊ သို့သော်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ထိုလုပ်ငန်းများကို မတည် ဆောက်ပေးနိုင်သည့် အတွက်ကြောင့် ရေတိုက်စားမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဘတ်ဂျက်များ ချထားပေးခဲ့သည့်အတွက် တင်ဒါများ ခေါ်ယူအောင်မြင်ခဲ့သော်လည်း တင်ဒါခေါ်ယူသည့် နေရာတွင် တော်ဝင်ကြာဖူးကုမ္ပဏီက လုပ်ငန်းမဆောင်ရွက်သည့်အခါ ယခုကဲ့သို့ မြေပြိုမှုများ ဆက်လလက်ဖြစ်ပွားခဲ့ပါကြောင်း၊ AIDAK ကုမ္ပဏီက တင်ဒါအောင်မြင်ခြင်း၊ လုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်သော်လည်း estimate များက အမှန်တကယ် မြေပြင်၏လိုအပ်ချက်နှင့်ကိုက်ညီမှု မရှိသည့်အခါ မြေပြိုမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ယခုမြေပြိုမှုကြောင့် လူနေအိမ် လေးလုံးပျက်စီးပြီးမှ နှစ်လုံးက အန္တရာယ်ရှိသည့်တွက် အခြားနေရာတွင် ပြောင်းရွှေ့အိမ်ငှား နေရပါကြောင်း၊ နေပြည်တော်မှ ရောက်ရှိလာသော ပညာရှင်များ၏ သုတေသနပြုချက်အရ မြေပြိုရခြင်း၏ အဓိက အကြောင်းအရင်းက ရေမြောင်းစနစ်ပေါ့ (Dewing System) မရှိခြင်းကြောင့် ဖြစ်သည်စု ဆိုနိုင်ပါကြောင်း၊ ပညာရှင်များ၏ အသေးစိတ် သုတေသနပြုချက်များက ပြည်ထောင်စုအစိုးရထံ ရောက်ရှိပြီဟု ယုံကြည်ယူဆမိပါကြောင်း၊ နောက်ဆုံးအနေဖြင့် မတူပီမြို့မြေပြိုမှုသည် ၂၀၁၅ ခုနှစ် ကတည်းကဖြစ်လာခဲ့သည်မှာ ယနေ့အထိဆက်လက် ဖြစ်နေသည်မှာ အပ်ဖြင့်ထွင်းမည့်ကိစ္စက ယခု ပုဆိန်နှင့် ပေါက်ရမည့်ကိစ္စမျိုး ဖြစ်နေပါကြောင်း၊ ယခင်ချပေးသည့် ဘတ်ဂျက်နှင့်လည်း ဒီနှစ်ဆက်လက် လုပ်ဆောင်မည်ဆိုပါက ရန်ပုံငွေ လုံလောက်မည် မဟုတ်သည့်အတွက်ကြောင့် မိုးကုန်သည့်ကာလတွင် ဆက်လက်မြေပြိုမှု မဖြစ်အောင် ရန်ပုံငွေလိုအပ်ပါကြောင်း၊ အမြန်တည်ဆောက်ရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ ၎င်းကိုတည်ဆောက်ရန်အတွက် နိုင်ငံတော်မှ အရေးပေါ်ရန်ပုံငွေ သော်လည်းကောင်း၊ အခြားရန်ပုံငွေတစ်ရပ်ရပ် သော်လည်းကောင်း ချပေးနိုင်မှသာလျှင် အနာဂတ်တွင် မြို့သူမြို့သားများ သဘာဝဘေးဒဏ်ကို ရင်ဆိုင်ရသည့် ဘေးမှလွတ်ပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်မည် ဖြစ်သည့်အတွက်ကြောင့် မေးမြန်းရခြင်း ဖြစ်ပါသည်။