(ခ)-ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အခါအားလျော်စွာပေါ်ပေါက်သော အလွဲသုံးစားမှု၊ မသမာမှု၊ လေလွင့်ပြုန်းတီးမှု၊ မမှန်ကန်မှုများနှင့်ပတ်သက်၍ ကြားဖြတ်အစီရင်ခံစာထုတ်ပြန်နိုင်ခြင်းရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၁၁ အရ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ နိုင်ငံတော်၏ အရအသုံး စာရင်းများ စစ်ဆေးခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် တင်ပြခြင်းနှင့် ထူးခြားသောအခြေအနေကို အခါအားလျော်စွာ တင်ပြရမည်ဟု ပြဋ္ဌာန်းထား သော်လည်း တစ်နှစ်လျှင်တစ်ကြိမ် ပုံမှန်စစ်ဆေးတွေ့ရှိသည့် အစီရင်ခံစာ လွှတ်တော်အသီးသီးတွင် တင်ပြ သော်လည်း ဝန်ကြီးဌာနများ၏လုပ်ငန်း၊ စာရင်းနှင့်ပတ်သက်၍ ထူးခြားသောအခြေအနေများ အား တစ်ကြိမ် တစ်ခါမျှ ကြားဖြတ်အစီရင်ခံစာတင်ပြမှုမရှိကြောင်းကို တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များအရ ခန့်မှန်းခြေစာရင်းပါ ရငွေများနှင့် အသုံး စရိတ်များအား ပြည့်ဝစွာနှင့် ထိရောက် အကျိုးရှိစွာဆောင်ရွက်ထားခြင်းရှိ/မရှိ၊ လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် လေလွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားမှုရှိ/မရှိ၊ ကုန်ကျစရိတ်နှင့် အကျိုးသက်ရောက်မှုများကို နှိုင်းယှဉ်စစ်ဆေးရပြီး  စစ်ဆေးသူများအား ပုံမှန်စစ်ဆေး ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း၊ တာဝန်ပေးချက်အရ စစ်ဆေးခြင်း၊ ကိစ္စတစ်ရပ်စစ်ဆေးခြင်း၊ ကွင်းဆင်း စစ်ဆေးခြင်းတို့တွင် လုပ်ငန်းနှင့် စာရင်းများအပေါ် ဘက်စုံစစ်ဆေးခြင်း(Comprehensive Auditing) ပြုလုပ်ရပါကြောင်း၊ ဘက်စုံစစ်ဆေးရာတွင် လုပ်ငန်းဆောင်ရွက်မှုကိုစစ်ဆေးခြင်း (Performance Auditing) ၊ ဘဏ္ဍာရေးစာရင်းများကို စစ်ဆေးရေး (Financial Auditing) ရည်မှန်းချက်(Objective) စစ်ဆေးရေးနည်းလမ်းများ(Methods)နှင့် အလွဲသုံးစားလုပ်နိုင်သည့်နေရာ risk Area များကို လက်တစ်ဆုံး စစ်ဆေးခြင်း မိမိလိုချင်သော စစ်ဆေးတွေ့ရှိချက်၊ ကန့်ကွက်ချက် များကိုရမည်ဖြစ်ပါ ကြောင်း၊ ရရှိလာသည့်စစ်ဆေးတွေ့ရှိချက်၊ ကန့်ကွက်ချက်များကို တိုတိုနှင့်လိုရင်းကို ထိရောက်စွာအစီရင်ခံစာရေးသားရပါကြောင်း၊  စစ်ဆေးခြင်းတွင်  ကြိုတင်စစ်ဆေးခြင်း (Pre-Audit) နှင့် အချိန်နှောင်းမှစစ်ဆေးခြင်း (Post-Audit) ရှိပြီး ကြိုတင်စစ်ဆေးခြင်း (Pre-Audit) လုပ်ခြင်းဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ခန့်မှန်းခြေရငွေများအား အချိန်နှင့်တစ်ပြေးညီ ကောက်ခံနိုင်ခြင်း၊ ခွင့်ပြုထားသောအသုံးစရိတ်များအပေါ် အလွဲသုံးစားမှု၊ မမှန်မကန်မှု၊ မသမာမှုများကို အချိန်မီ ဟန့်တားနိုင် သဖြင့် ပြည်သူ့ဘဏ္ဍာငွေများ ယိုဖိတ်မှုလျော့နည်းနိုင်ပါကြောင်း၊ ခေတ်အဆက်ဆက် မသမာမှု၊ အလွဲသုံးစားမှု၊ မမှန်ကန်မှု၊ လေလွင့်ဆုံးရှုံးမှု၊ အကျင့်ပျက်ခြစားမှုများကြောင့် နိုင်ငံ၏ ဘတ်ဂျက်လိုငွေ အများအပြားပေါ်ပေါက်နေသည်မှာလည်း အားလုံးအသိဖြစ်ပါကြောင်း၊  ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အခုလို ဒီမိုကရေစီခေတ်ပြောင်းကာလတွင် စစ်ဆေးသူများ အနေဖြင့် မိမိတို့၏ အတွေ့အကြုံ၊ ကျွမ်းကျင်မှုများ၊ အတတ်ပညာရှင်ဆိုင်ရာ သတိသံပဇဉ် (Due Professional Care) ဖြင့် သစ္စာရှိရှိ၊ သတ္တိရှိရှိဖြင့် ထူးခြားမှုရှိသော ကြားဖြတ်အစီရင်ခံစာများကို ထုတ်ပြန်သင့်ပါကြောင်း၊ မိမိတို့တိုင်းပြည်သည် ယခုအချိန်တွင် လိုငွေသည် ဘီလီယံ ၅၀၀၀ နီးပါးလောက် ဖြစ်နေပြီး ဘဏ္ဍာရေးအခြေအနေသည်  ယိုင်နဲ့နေသည့် ခိုင်မာမှုမရှိသည့် အခြေအနေ ဖြစ်နေပါကြောင်း၊ စစ်ဆေးသူများသည် တိုင်းပြည်၏ ယိုပေါက်၊ ဟာပေါက်များကို ပိတ်ဆို့သည့်လူများဖြစ်ရပါ မည်ဖြစ်ပါ ကြောင်း ထို့ကြောင့်  ရငွေများကို ထိထိရောက်ရောက် အပြည့်အဝ အကောင်အထည်ဖော်မှုရှိ/မရှိ၊ သွင်း/ မသွင်း ၊ အသုံးစရိတ်များကို မမှန်ကန်မှု၊ အလွဲသုံးစားမှု၊ မသမာမှု၊ အဟောသိကံဖြစ်နိုင်သည့် စီမံကိန်း များကို ထိထိရောက်ရောက်စစ်ဆေးပြီး ထူးခြားကောင်းမွန်သည့် ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန် နိုင်ခြင်းရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။