(ဃ)-အာရှနိုင်ငံအချို့တွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည့် မန်ဂျန်းရှား(ဂျပန်ပိတောက်) Acacia Mangium သစ်ပင်အမျိုးအစားကို နိုင်ငံအနှံ့ကျယ်ပြန့်စွာစိုက်ပျိုးလာနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုဖောက်ပြန်မှုများ၊ သဘာဝကပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများ၊ ဂေဟစနစ်ပျက်စီးမှုများ၊ သစ်တောသစ်ပင်ရှားပါးလာမှုကြောင့် နေအိမ်ဆောက်လုပ်ရန်နှင့် သစ်ဈေးနှုန်း ကြီးမြင့်မှု၊ အိမ်ဆောက်သစ်အမျိုးအစားရှားပါး လာခြင်းနှင့် အိမ်သုံးပစ္စည်းပြုလုပ်ရန် ခက်ခဲမှု၊ ချက်ပြုတ်ရန် သစ်တောသစ်ပင်များရှားပါးလာမှုစသည့် အခက်အခဲများကို အထိုက်အလျောက်ပြေလည်လာစေနိုင်ရန် သြစတေးလျ နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင်  စီးပွားဖြစ် စိုက်ပျိုးနေကြသည့် Acacia ဂျပန်ပိတောက်ခေါ် မန်ဂျန်းရှား Acacia mangium ဟုခေါ်သည့် အကြီး မြန်သည့်သစ်ပင် သစ်အမျိုးအစားသည် ညိုဝါရောင်ရှိပြီး ကျွန်းလိုသစ်ခွဲသားတွင် အကွက်လေး များပါပြီး တစ်နှစ်ကို ၁၀ ပေလောက်ထိ ကြီးထွားနှုန်းမြန်ပြီး ၁၀ နှစ်လောက်ဆိုပါက ‌ရောင်းတန်းဝင်သည့် သစ်အမျိုး အစားဖြစ်သည်ဟု  သိရပါကြောင်း၊  ကိုင်းတက်များကို များများခုတ်ပေးခြင်းအားဖြင့် ကြီးထွားနှုန်း ပိုမြန်ပြီး ထင်းလိုအပ်ချက်ကို သစ်ပင်ကိုခုတ်လှဲရန်မလိုဘဲ ကိုင်းတက်များကိုခုတ်ပြီး အသုံးပြုနိုင်သည့်အတွက် သစ်ပင်သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းနိုင်ပါကြောင်း၊ ၎င်းသစ်ပင်အမျိုးအစားများသည်   မကြာခဏ အရွက်ကြွေလိုက်၊ ပြန်ထွက်လိုက်ဖြစ်သည့်အတွက်ကြောင့် မြေဆီလွှာကိုထိန်းအား  ပိုကောင်းပြီး မြေ အမျိုးအစားမရွေးစိုက်ပျိုးနိုင်သည်ဟု သိရပါကြောင်း၊ သို့သော် အအေးလွန်ကဲသည့်နေရာများတွင်  စိုက်ပျိုး၍ မရနိုင်ကြောင်း၊ အပူချိန် ၁၅ ဒီဂရီနှင့်  ၂၂ ဒီဂရီစင်တီဂရိတ် ရှိသည့်ဒေသများတွင်  ပိုပြီးဖြစ် ထွန်း ပါကြောင်း၊ အမြင့်မီတာ ၃၀ ရှိပြီး ၁၀ နှစ် အရွယ်တွင် သစ်လုံး၏အချင်းတစ်ပေ၊ တစ်ပေခွဲ လောက်ရှိနိုင်ပြီး အပင်မှဖြောင့်တန်းသည့်အတွက် သစ်ခွဲသားပြုလုပ်ပါက အလွန်ကောင်း ကြောင်း နှင့် ခုနစ်ပေခြားလောက်စိုက်နိုင်မည်ဆိုပါက  တစ်ဧက ကို အပင်ရေ ၉၀၀ လောက်ထိ စိုက်နိုင်ပါကြောင်း၊ အပင်စိပ်လို့ အပင်လှီခြင်း၊ သေးခြင်း မရှိဘဲဖြောင့်တန်းပြီး ရှင်သန်နိုင်သည့်အတွက်  အကိုင်းအခက်များ ခုတ်ပေးရန်လိုပါကြောင်း၊ ရွှံ့မြေတွင်  စိုက်ပျိုး၍မရပါကြောင်း၊ ၎င်းသစ်စေ့၊ မျိုးစေ့ တစ်ကီလိုလျှင် အစေ့ တစ်သိန်းကျော်လောက်ရှိကြောင်း၊ အပင်ပျိုးသည်အခါ နှစ်စေ့လောက်ထည့်ပြီး ပျိုးရကြောင်း၊ အပင်ပျိုးရန် အတွက် အစေ့ကိုရေနွေးဆူဆူတွင်ထည့်ပြီး ချက်ချင်းပြန်ဆယ်၍ ရေအေးအေးတွင် ချက်ချင်းပြန်စိမ်ပြီး သုံးကြိမ်လောက် ပြုလုပ်၍ စိုက်ပျိုးရပါကြောင်း၊  တချို့မှ  ညပိုင်းရေစိမ်၍ နေ့ပိုင်းတွင် လေသလပ်ခံပြီး စိုက်ပျိုးကြကြောင်း၊ ၎င်းသစ်မျိုးကို နယူဂီနီမှာစပြီး စိုက်ပျိုးကြောင်း၊  မိမိတို့မြို့နယ်တွင်  ကုမ္ပဏီတစ်ခုမှ ဒေါနတောင်ခြေတွင် ဧက ၅၀၀၀ လောက် စမ်းသပ်စိုက်မည်ဟု သိရပါကြောင်း၊  သစ်မာအမျိုးအစား ဖြစ်သည့်အတွက် နေအိမ်ဆောက်လုပ်ခြင်း၊ အိမ်ဆောက်ပရိဘောဂများ ဆောက်လုပ်ခြင်းနှင့် ချက်ပြုတ် ရန် ထင်းများအတွက် သစ်ပင်ကိုခုတ်လှဲရန် မလိုဘဲ အကိုင်းအခက်များကို ခုတ်ပြီး သုံးရသည့် အတွက် ကြောင့် ကျေးလက်နေပြည်သူများအတွက် အသုံးဝင်သည့်အတွက် ကျေးရွာသုံးစိုက်ခင်းများ၊ နေအိမ် ခြံဝင်းများနှင့်  မိုးရာသီသစ်ပင်စိုက်ပွဲတော်များတွင်  ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာနိုင်မည်ဆိုပါက  နိုင်ငံ ၏ သစ်တောပြုန်းတီးမှုများကို အထိုက်အလျောက်အမြန်ဆုံးကာကွယ် ဖြည့်ဆည်းပေးနိုင်မည့်အပြင် ကျေးလက်နေပြည်သူများအတွက် အကျိုးများပြီး အကြီးမြန်သည့် မန်ဂျန်းရှားလို့ခေါ်သည့်  ဂျပန် ပိတောက်သစ် အမျိုးအစားကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာနိုင်ရေး ဗဟုသုတဖြန့်ဖြူးပေးခြင်း၊ အားပေးကူညီဆောင်ရွက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ တို့ကို သိလိုပါကြောင်း ဖြင့် မေးမြန်းပါသည်။