(င)-တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရမှုအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားရှိမှုနှင့် လူသားတို့အတွက် အန္တရာယ်မရှိအောင် မည်သို့ကာကွယ်မှုများပြုလုပ်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများသည် တစ်ပတ်ကို တစ်ကောင်ကျ သတ်ဖြတ်ခံနေရပါကြောင်း၊ ယခင်က တောဆင်ရိုင်း ၁၀၀၀၀ ကျော်ရှိခဲ့သော်လည်း ယခုအခါ အကောင်ရေ ၂၀၀၀ အောက် ကျဆင်းနေပြီး ဆင်မုဆိုးများကိုလည်း ပူးပေါင်းအဖွဲ့နှင့် အရေးယူ ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ၎င်းတို့အသုံးပြုသည့်မြှား၊ မြှားဆိပ်များ မည်သို့ဖော်စပ်သည်နှင့် တိကျတဲ့ဖြေဆေးရှိ/မရှိကိုလည်း သိလိုပါကြောင်း၊

မြန်မာနိုင်ငံအတွင်း တောဆင်ရိုင်း အကောင်ရေ ၁၄၀ ကျော် သတ်ဖြတ်ခံနေရသည်ဟု သိရှိရပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ၃၅ ကောင်၊ ၂၀၁၆ ခုနှစ်တွင် ၂၆ ကောင်၊ ၂၀၁၇ ခုနှစ်မှာ ၅၉ ကောင် အထိ ဖြစ်ပြီး  ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် သတ်ဖြတ်မှုခံရမှု ပိုမိုများပြားပါကြောင်း၊ ဆင်များကို ထိန်းသိမ်းရန် ၁၈၇၉ ခုနှစ် ကုန်းဘောင်ခေတ်ကတည်းက ဆင်ထိန်းသိမ်းရေးဥပဒေများ ပြုလုပ်ခဲ့ပါကြောင်း၊ ၁၈၈၃ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ခဲ့ပြီး ၁၉၃၆ ခုနှစ်တွင် သားရဲတိရစ္ဆာန်ကာကွယ်ရေးဥပဒေ(The Wildlife Protection Act, 1936) ပြဋ္ဌာန်း ခဲ့ပါကြောင်း၊

၁၉၉၄ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေ များ ထိန်းသိမ်းရေးဥပဒေထုတ်ခဲ့ပါကြောင်း၊ သို့သော်လည်း တောဆင်ရိုင်းတွေက အသတ် ခံနေရဆဲ၊ လူများနှင့် ပဋိပက္ခများလည်း ဖြစ်နေဆဲဖြစ်ပါကြောင်း၊ တောဆင်ရိုင်းများကို လုံးဝ ကာကွယ် ထားသည့်တိရစ္ဆာန်၊ သာမန်ကာကွယ်ထားသည့်တိရစ္ဆာန်၊ ရာသီအလိုက် ကာကွယ်ထားသည့် တိရစ္ဆာန် ဆိုပြီး ခွဲခြားထားမှုများ ရှိ/မရှိသိလိုပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအခန်း(၂) ပုဒ်မ ၃ ပုဒ်မခွဲ(ဂ)(ဃ) အရ ကာကွယ်ထိန်းချုပ်ဖို့လိုပါကြောင်း၊ ထို့ကြောင့် သဘာဝထိန်းသိမ်းရေးနယ်မြေ၊ အမာခံထိန်းသိမ်းရေးနယ်မြေ၊ ကြားခံနယ်မြေ စသည်ဖြင့် သတ်မှတ်ထားခြင်းရှိ/မရှိ၊ ရှိပါက သိရှိလိုပါကြောင်း မေးမြန်းပါသည်။