(စ)-မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တောဆင်ရိုင်းများကို သတ်ဖြတ်နေခြင်းအား တားဆီးကာကွယ်ရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာ့မြေပေါ်တွင် အာရှဆင်မျိုးစိတ်များသည် ရှေးနှစ်သန်းပေါင်းများစွာကတည်းက ကျက်စား နေထိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် တွေ့ရှိရသော ဆင်များသည် အိန္ဒိယဆင် မျိုးစိတ်တွင် ပါဝင်ပြီး တိရစ္ဆာန်များထဲတွင် လေ့ကျင့်သင်ကြားရန် အလွယ်ဆုံးဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ဆင်မျိုးစိတ်များစွာရှိခဲ့သော်လည်း အာဖရိကဆင်နှင့် အာရှဆင်နှစ်မျိုးသာ ကျန်ရှိသည့်အတွက် ကမ္ဘာ့နိုင်ငံများ၊ အစိုးရများ၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများက ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လာကြပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက သြဂုတ်လ ၁၂ ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့ဟူ၍ သတ်မှတ်ထားရှိပါကြောင်း၊
မြန်မာနိုင်ငံတွင် ဆင်မုဆိုးများသတ်ဖြတ်နေမှုကြောင့် မကြာမီမျိုးသုဉ်းပျောက်ကွယ်သွားမည်ကို စိုးရိမ်ရပါကြောင်း၊ ဆင်များကိုအရေးတကြီးကာကွယ် စောင့်ရှောက်ဖို့လိုနေပြီဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနမှမည်ကဲ့သို့သောအစီအစဉ် များ စီစဉ်ဆောင်ရွက်ထားရှိသည်ကို သိလိုပါသောကြောင့် မေးမြန်းပါသည်။