(ဂ)-သစ်တောနယ်မြေများအတွင်း စိုက်ထူထားသော ဆက်သွယ်ရေးတာဝါတိုင်များ၏ မြေငှားရမ်းခြင်း အတွက် ကုမ္ပဏီမှပေးသော အခကြေးငွေများသည် အခွန်အဖြစ်နိုင်ငံတော်ဘဏ္ဍာသို့ ရောက်ရှိခြင်း ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများတစ်ဦးနှင့်တစ်ဦး အလျင်အမြန် ချိတ်ဆက်မိရန်နှင်‌့ ဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် တာဝါတိုင်များကို နေရာအနှံ့စိုက်ထူခဲ့ကြပါကြောင်း၊ ယခုလိုစိုက်ထူသည့်အခါ လူနေအိမ်၊ ခြံများ၊ ပိုင်ရှင်ရှိသည့် ယာမြေများနှင့် သစ်တောပိုင်နယ်မြေများတွင် စိုက်ထူလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကပိုင်မြေများပေါ်တွင် စိုက်ထူပါက မြေပိုင်ရှင်နှင့် သက်ဆိုင်ရာကုမ္ပဏီတို့ သဘောတူစာချုပ် ချုပ်ဆိုကြပြီး မြေငှားရမ်းခကို ပိုင်ရှင်များထံပေးဆောင်ကြ၍ စာချုပ်သက်တမ်းကို ၁၀ နှစ် သို့မဟုတ် ၁၅ နှစ်ချုပ်ဆိုကြသည်ဟု သိရှိရပါကြောင်း၊ လူနေအိမ်များအတွင်း စိုက်ထူခြင်းသည် အိမ်နီးချင်းများ၏ သဘောတူညီမှုကို ရယူပြီး စိုက်ထူကြသည်ဟု ဆိုပါကြောင်း၊ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လူနေထူထပ်သော ရပ်ကွက်၊ ကျေးရွာများအတွင်း စိုက်ထူခြင်း မပြုလုပ်သင်‌့ပါကြောင်း၊ တာဝါတိုင်စိုက်ထူသည့် ခံစားခွင့်ရသူအတွက် အဆင်ပြေနိုင်သော်လည်း ပတ်ဝန်းကျင်အတွက် ရေရှည်တွင် ကျန်းမာရေးအရ၊ လူမှုရေးအရပါ ပြဿနာရှိပါကြောင်း၊ ထို့နောက် သစ်တောနယ်မြေအတွင်း စိုက်ထူရာတွင်လည်း ဌာနနှင့်ပြည်သူတို့ အငြင်းပွားနေဆဲနေရာတွင် တာဝါတိုင်စိုက်ခြင်းများလည်း ရှိပါကြောင်း၊ မဲဆန္ဒနယ်မြေအတွင်းရှိ ပန်းညိုကာကွယ်တောထဲတွင် Telenor တာဝါတိုင် စိုက်ထူထား ပါကြောင်း၊ ခုနက မိမိတင်ပြသကဲ့သို့ ဌာနနှင့်ပြည်သူအငြင်းပွားနေသည့် နေရာတွင် တာဝါတိုင် စိုက်ထူခြင်း ဖြစ်ပါကြောင်း၊ ထို့အတူ စိုက်ထားသည့် တာဝါတိုင်၏ စာချုပ်သက်တမ်းကိုကြည့်သည့်အခါ ငါးနှစ်သက်တမ်းသာ ချုပ်ဆိုထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် စာချုပ်သက်တမ်းကုန်ဆုံး သွားပါက မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို သိချင်ပါကြောင်း၊ ထို့နောက် မြန်မာနိုင်ငံအတွင်း သစ်တောဖုံးလွှမ်းမြေ ၂၅.၁၆ ရာခိုင်နှုန်းရှိပြီး ဧရိယာအားဖြင့် သိန်းပေါင်း ၄၂၀ ကျော် ဧကရှိသည်ဟုလည်း ကြားသိရပါကြောင်း၊ ၎င်းဧကအတွင်း စိုက်ထူထားသော တာဝါတိုင်ပေါင်း ၂၄၁ တိုင်ရှိပြီး တာဝါတိုင်များတွင် မှန်ကန်သည့် စာချုပ်များရှိ/မရှိနှင့် ယခုလိုသစ်တောနယ်မြေအတွင်း တာဝါတိုင်စိုက်ထူခြင်းများသည် ဥပဒေနှင့်ညီညွတ်မှုရှိ/မရှိကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။