(ဃ)-လှိုင်သာယာ-ဟင်္သာတရထားလမ်းပိုင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လှိုင်သာယာ-ဟင်္သာတရထားလမ်းပိုင်းသည် စီမံကိန်းပြီးစီးသွားသော်လည်း ပေးဆွဲခြင်းမပြုတော့သည့် အတွက် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းစေရန် ကောင်းမွန်၍စနစ်ကျသော စီမံခန့်ခွဲမှုများဖြင့် မည်သည့်အချိန်တွင် မည်ကဲ့သို့ပြန်လည်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာ့မီးရထားလုပ်ငန်းကို မိမိတို့နိုင်ငံတွင် ၁.၅.၁၈၇၇ ရက်နေ့က ရန်ကုန်-ပြည်ရထားလမ်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၈၈ ခုနှစ်အထိ လမ်းမိုင်ပေါင်း ၂၀၀၀ လောက်ဖောက်လုပ်ခဲ့ပြီး၁၉၈၈ ခုနှစ်မှ ဒီဘက်ကာလကို လမ်းမိုင်ပေါင်း ၂၀၀၀ လောက် ဆက်လက်တိုးချဲ့ဖောက်လုပ်ခဲ့သည့်အတွက် စုစုပေါင်း မိုင် ၄၀၀၀ လောက်ရှိသော်လည်း တကယ်လက်တွေ့ပြေးဆွဲနေသည်မှ မိုင်ပေါင်း ၁၆၀၀ လောက်ဖြစ်ပြီး ၎င်းလမ်းပိုင်းများတွင် လှိုင်သာယာ-ဟင်္သာတ-ကျော-ဆိပ်ဖြူ-မင်းဘူး၊ ဆိပ်ဖြူ-ကျော-ဂန့်ဂေါ-ဆိုက်ခေါင်-မိုးနဲ စသည့်လမ်းပိုင်း ၁၃ ပိုင်း၏ လမ်းမိုင်ပေါင်း ၅၆၈.၈၂ မိုင်ကို ယနေ့ ပိတ်သိမ်း ထားရပါကြောင်း၊ လှိုင်သာယာ-ဟင်္သာတရထား လမ်းပိုင်းကို ၄.၅.၂၀၁၀ ရက်နေ့တွင် ကျင်းပ ပြုလုပ် သည့် အထူးစီမံကိန်းများအကောင်အထည်ဖော်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၀) မှ ဥက္ကဋ္ဌကြီးက မိမိတို့ အထူးစီမံကိန်းများအကောင်အထည်ဖော်ရေးအဖွဲ့သည် နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် အကျိုးရှိဖွံ့ဖြိုးတိုးတက်မည့် စီမံကိန်းကြီးများကို စနစ်တကျ လေ့လာပြီးမှ စိစစ်ခွင့်ပြုပေးပါ ဆိုသည့်မှတ်ချက်ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်းလမ်းတွင် အဓိကကျသည့် ဧရာဝတီမြစ်ကူးတံတား(ညောင်တုန်း) ဖွင့်ပွဲကို ၂၇.၁၁.၂၀၁၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ၎င်းတံတားကြီးဖွင့်ပြီး လမ်းပိုင်းကို ဆောင်ရွက်နေစဉ် ပျက်စီးဆုံးရှုံးမှုများကို ၎င်းအချိန်က ပုသိမ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ယခု လက်ရှိ နိုင်ငံတော်သမ္မတကြီးဖြစ်သည့် ဦးဝင်းမြင့်မှ လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ပါကြောင်း၊ ပထမအကြိမ် နဝမပုံမှန်အစည်းအဝေးတွင် ၎င်းလမ်း အတွက် ကုန်ကျစရိတ်များ၊ လမ်းပိုင်းပျက်စီးမှုများ၊ ဖွင့်နိုင်မည့်အချိန်နှင့် ဖွင့်ခဲ့ပါက ပြည်သူများ စိတ်ချလုံခြုံစွာစီးနိုင်ရန် မည်ကဲ့သို့ဆောင်ရွက်ထားခြင်း စသည်တို့ကို မေးမြန်းခဲ့ပါကြောင်း၊ ၂၄.၅. ၂၀၁၄ ရက်နေ့တွင် စတင်ပြေးဆွဲခွင့်ပြုခဲ့သည့်အတွက် ရထားဝန်ကြီးမှ ၎င်းလမ်းကြီးသည် ဧရာဝတီမြစ်အရှေ့၊ အနောက်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည့် တိုင်းငါးတိုင်းမှ ပြည်သူများ ကုန်စည်စီးဆင်းမှုနှင့် တိုက်ရိုက် ကူးလူးဆက်ဆံမှုများကိုရမည်ဖြစ်သည့်အတွက် အင်မတန် အကျိုးရှိမှာဖြစ်သည့်အတွက် မိမိတို့ ရထား ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ရကျိုး အပင်ပန်းခံရကျိုးနပ် သည်ဟု ယုံကြည်သဖြင့် ၎င်းလမ်းကြီးကို ဖွင့်ပေးခဲ့သော်လည်း ဖွင့်ပြီးမကြာခင် စီးမည့်လူမရှိသည့်အတွက် ပိတ်လိုက်ရပါကြောင်း၊ ၎င်းလမ်းကို အထူးစီမံကိန်းများအကောင်အထည်ဖော်ရေးအဖွဲ့(၁/၂၀၁၀)မှ လမ်းကြီးတည်ဆောက်ရန် အတွက် အချိန် လေးနှစ် ယူရပြီး ကုန်ကျစရိတ်မှ ရထားလမ်းနှင့်ပတ်သက်၍ ၂၈ ဘီလီယံကျော် ၊ တံတားအတွက် ဘီလီယံပေါင်း ၈၉ ကျော် ၊ ယူရိုငွေ ၂၆ သန်း သုံးစွဲခဲ့သည့်ဟု သိရပါကြောင်း၊ လယ်မြေဧက ဧက ၂၀၀၀ သိမ်းယူပြီး တည်ဆောက်ခဲ့ရပါကြောင်း၊ ယခုအချိန်အထိ လျော်ကြေးများ ပေးလျော်ခြင်းမပြတ်သေး သည့်အတွက် အချိန်၊ ငွေ၊ လုပ်အား၊ လယ်ယာမြေများ၊ စိုက်ပျိုးထုတ်လုပ်မှု တန်ဖိုးများ၊ နစ်နာဆုံးရှုံးပြီး လက်ရှိလည်း အကောင်အထည်ဖော်ဆောင်ရွက်၍ မရတော့သည့် ၎င်းလမ်းပိုင်းကြီး အပေါ်ကို ကောင်းမွန်၍စနစ်ကျသော ခန့်ခွဲမှုများဖြင့် ဆက်လက်၍ဆောင်ရွက်လို့ရ/မရ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။