(က)- မြို့နယ်မြေစာရင်း၊ စာရင်းအင်းဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေရသော ရပ်/ကျေး မြေစာရင်းမှူး များကို ပိုမို တိုးချဲ့ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်၏ အခြေခံမူ ပုဒ်မ ၂၃ တွင် နိုင်ငံတော်သည် တောင်သူ လယ်သမားများ၏ (က) အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်မည်။ (ခ) စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများသင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီ ဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ၎င်းပြဋ္ဌာန်းချက် အောင်မြင်အောင် အကောင်အထည်ဖော်ရန် လည်းကောင်း၊ နိုင်ငံတော၏ ၆၈ ရာခိုင်နှုန်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရန်လည်းကောင်း၊ လယ်ယာမြေ နှင့် စာရင်းအင်းဌာနတွေဟာ အလွန်အရေးပါသည့် ကဏ္ဍတွင်ပါရှိနေပါကြောင်း၊ မိမိတို့နိုင်ငံ တွင် ခေတ်အမျိုးမျိုး၊ စနစ်အမျိုးမျိုး၊ လုပ်ထုံးအမျိုးမျိုးရှိခဲ့သည့်အတွက် တောင်သူလယ်သမားများ၏ မြေယာလုပ်ပိုင်ခွင့်နှင့် စီမံခန့်ခွဲမှုများသည် နက်နဲရှုပ်ထွေးခဲ့ပါကြောင်း၊  ဒီမိုကရေစီအစိုးရ အပြောင်းအလဲ တွင် တောင်သူလယ်သမားများ၏ မြေယာလုပ်ပိုင်ခွင့်များကို မှန်ကန်ကောင်းမွန်အောင် နည်းမျိုးစုံနှင့် ဆောင်ရွက်နေသော်လည်း အခြေခံဒေသများတွင် လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာပြဿနာများ၊ လယ်ယာ မြေ နှင့် အခြားမြေများသိမ်းဆည်း ခံမှုပြန်လည်စိစစ်ရေးပြဿနာများသည် ယနေ့တိုင် မပြီးမပြတ် ဖြစ်နေ ပါကြောင်း၊  မြေပြင်ကို ကွင်းဆင်းစစ်ဆေးရန်သည့်အခါ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကွင်းတာဝန်ခံ များကို ဖိတ်ခေါ်သည့်အခါ ဗဟိုတိုင်း/ခရိုင်အစည်းအဝေးများတက်ရောက်နေရခြင်း၊ ဝန်ထမ်းအင်အား နည်းပါးခြင်းစသည့် အခက်အခဲများကြောင့် အစည်းအဝေးများ မကြာခဏပျက်ပြီး ရှေ့ရောက်မှု နည်းနေ သည့်အတွက် နှောင့်နှေးမှုများဖြစ်နေပါကြောင်း၊ ဝန်ထမ်းအင်အားနည်းပါးသည့်အတွက် တချို့ယာမြေ တော်တော်များများကို ပုံစံခွန် ထုတ်ပေးနိုင်မှုမရှိသေးပါကြောင်း၊  မိမိမဲဆန္ဒနယ် တွင် စာရေးတစ်ဦးတည်းမှ အုပ်စု ၆ ခုထိ တာဝန်ယူနေရသည့် အဆင့်ရှိပါကြောင်း၊ အချိန်နှင့်အမျှ တိုးတက်လာသည့် လူဦးရေ အခြေ အနေအရ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရန် လိုအပ်ပါက နိုင်ငံတော်၏ အနေအထားအရ စိုက်ပျိုး မြေတိုးချဲ့ဖန်တီးပေးခြင်း၊ အရင်းအနှီး နည်းပညာနှင့် သွင်းအားစုပံ့ပိုးပေးခြင်းတို့ကို စနစ်တကျ စီမံခန့်ခွဲ ပေးရန် ဥပဒေ၊ နည်းဥပဒေများနှင့် ရည်ရွယ်ချက် များလည်း ရှိထားပြီးဖြစ်ပါကြောင်း၊ ၎င်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ လယ်ယာမြေနှင့်စာရင်းအင်းဌာနများသည်မပါအဖြစ် အရေး ကြီး သည့်နေရာတွင် ရှိနေကြပါကြောင်း၊  ထို့ကြောင့် တောင်သူလယ်သမားများ အရေးကြီး တာဝန်များကို ထဲထဲဝင်ဝင် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လယ်ယာမြေနှင့်စာရင်းအင်းဌာန ဝန်ထမ်းများ တိုးချဲ့ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေး မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။