(စ)- e-Learning အတွက် Internet Access ကို အဆင်ပြေပြေကုန်ကျစရိတ် နည်းပါးစွာနှင့် ရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

အသိပညာ၊ အတတ်ပညာနှင့်စာတမ်းများ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မှီငြမ်းမှုများ ရယူ ဆောင်ရွက်နိုင်သည့် e-Learning အတွက် Internet Access ကို အဆင်ပြေပြေကုန်ကျစရိတ် နည်းပါးစွာနှင့် ရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

 

ပညာရေးအဆင့်မြှင့်တင်နိုင်ရန်အတွက် ပညာရေးဆိုင်ရာတက္ကသိုလ်များရှိ ဆရာဆရာမများနှင့် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားကျောင်းသူများအတွက် မှီငြမ်းပြုစာကြည့်တိုက်များ အမှန်တကယ် လိုအပ်ပါကြောင်း၊ သို့သော်လည်း စာကြည့်တိုက်တစ်ခုဖြစ်ရန် အဆောက်အဦ၊ စာအုပ်စာတမ်း စုဆောင်းခြင်း၊ အရာထမ်း၊ အမှုထမ်းများ ခန့်ထားခြင်းစသည့် လုပ်ငန်းတွေများစွာ လိုအပ်သည့်အပြင် စာကြည့်တိုက်ကြီး ပုံမှန်လည်ပတ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများစွာ ကုန်ကျပါကြောင်း၊ သို့သော်လည်း လုပ်သင့်လုပ်ထိုက်သည့်အတွက် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ အစီရင်ခံစာအမှတ်(၃)တွင် တက္ကသိုလ်စာကြည့်တိုက်များကို အဆင့်မြှင့်တင် ဆောင်ရွက်ရန် အကြံပြုတင်ပြထားပြီး စာကြည့်တိုက်ကြီးများ မဆောင်ရွက်နိုင်ခင်ကာလအတွင်း e-Libraryနှင့် Online Library များကိုလည်း တက္ကသိုလ်များတွင် မဖြစ်မနေထူထောင်ရန် လိုအပ်ကြောင်း ပညာရေးမူဝါဒကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားပါကြောင်း၊

မြန်မာနိုင်ငံအတွင်း တက္ကသိုလ် ၅၁ ခုတွင် e-Library များနှင့် ဆောင်ရွက်နေကြောင်း သိရှိရသော်လည်း သုတေသနစာတမ်းများ၊ ပညာရပ်များ ရယူရန်အတွက် Internet Access သည် မြန်နှုန်းမြင့်လှိုင်းနှုန်းများ လိုအပ်ပါကြောင်း၊  ဆေးတက္ကသိုလ်(၁)တွင် Internet Access မြန်နှုန်းသည် 4 Mbps သာရှိပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်များတွင် မြန်နှုန်းမြင့် လှိုင်းနှုန်းများကို ရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။