(က)-ပုသိမ်-မုံရွာပြည်ထောင်စုလမ်းမကြီး၏ မင်းတုန်းမြို့နယ်အတွင်းကျရောက်နေသော လမ်းအပိုင်းအား ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းအကျယ်ချဲ့ပေးခြင်းကို တစ်ပြိုင်နက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
၃၀-၁၁-၂၀၁၇ ရက်နေ့ ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးခွန်းတင်ခဲ့ခြင်း ဖြစ်သည့်အတွက် မေးခွန်း တင်စဉ်အခြေအနေနှင့် ယခုအခြေအနေ ကွာခြားချက်များက ရှိနေပြီဖြစ်သော်လည်း Comfortable and Safety လမ်းမကြီးဖြစ်မလာ သေးပါကြောင်း၊ ပုသိမ်-မုံရွာလမ်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးစသည့် တိုင်းလေးတိုင်းနှင့် ရခိုင်ပြည်နယ်သို့သွားရာ အဓိကအားထားရသော ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ အချက်အခြာ ကျသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ပွင့်လင်းရာသီတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသွားကြသော မော်တော်ယာဉ်များစွာ အသုံးပြုသောလမ်းလည်း ဖြစ်ပါကြောင်း၊ လမ်းမကြီး၏ အရှည် ၄၅၀ မိုင်ရှည်ပြီး အကျယ်တွင် တစ်မြို့နှင့်တစ်မြို့၊ တစ်နေရာနှင့်တစ်နေရာ မတူညီကြပါကြောင်း၊ မင်းတုန်းမြို့နယ်အတွင်း ကျရောက်နေသည့် ပုသိမ်-မုံရွာလမ်းမကြီး၏ အရှည် ၃၅ မိုင်ရှည်ပြီး အကျယ်မှာ ၁၆ ပေသာရှိပါကြောင်း၊ လမ်းတွင်ချိုင့်ခွက်များ ပေါများခြင်း၊ လမ်းပုခုံးသားများမရှိခြင်း၊ အဝေးပြေးလမ်းမကြီး ဖြစ်သော်လည်း တစ်လမ်းသွားအဆင့်သာ ရှိခြင်းကြောင့် ကားများတစ်စင်းနှင့် တစ်စင်းရှောင်ရန် ခက်ခဲလျက်ရှိပါကြောင်း၊
ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ထပ်ပိုးလွှာ ၆ မိုင် ၄ ဖာလုံနှင့် Level Seal ၅ မိုင် အုပ်ထားပြီ ဖြစ်ပါကြောင်း၊ မင်းတုန်းမြို့၏ ရာသီဥတုအခြေအနေတွင် မိုးများခြင်း၊ လမ်းအပေါ်သို့ နေရောင်ခြည် ကောင်းစွာမရခြင်း၊ ကုန်တင်ယာဉ်များနှင့် တန်ပိုယာဉ်များကြောင့် မကြာခဏ လမ်းပျက်ခြင်းများ ဖြစ်ပေါ်လျက် ရှိပါကြောင်း၊ ပြည်ထောင်စုလမ်းမကြီးဟု ဆိုသော်လည်း ပြည်ထောင်စုမှ ရန်ပုံငွေများ ခွဲဝေချထားခြင်း မရှိသလောက်နည်းပါးပြီး တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး အလွန်ညံ့သော အပိုင်းများကိုသာ ဦးစားပေးနှစ်အလိုက် အပိုင်းပိုင်းအပြတ်ပြတ် ဆောင်ရွက် နေရခြင်းကြောင့် ရှေ့ကပြင်နောက်ကပျက် မည်သည့်နှစ်မှ ကောင်းမွန်ခြင်း မရှိပါကြောင်း၊
သို့ဖြစ်ပါ၍ ဧရာဝတီအနောက်ဘက်ကမ်းတွင် အဓိကအရေးပါသော ပုသိမ်-မုံရွာလမ်းမကြီးအား ခရီးသွား ပြည်သူများ ယခုထက်ပိုမို အဆင်ပြေနိုင်စေရန် ထပ်ပိုးလွှာခင်းခြင်းနှင့် အကျယ်ချဲ့ခြင်းတို့ကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။