(က)-ဟင်္သာတခရိုင်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပသည့်အခါ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ ကဲ့သို့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)နေရာပြန်လည်ကျင်းပပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

ဟင်္သာတခရိုင်အတွင်း မြို့နယ်ပေါင်း ခြောက်မြို့နယ်ရှိပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကျေးရွာအုပ်စုပေါင်း ၃၇၀၊ ရပ်ကွက်ပေါင်း ၅၅ ရပ်ကွက်၊ ကျေးရွာပေါင်း ၂၉၈၂၊ ခရိုင်လူဦးရေ စုစုပေါင်း ၁၁၂၉၂၉၅ ဦး ရှိခဲ့ပါကြောင်း၊ ယခင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဟင်္သာတ၊ ဇလွန်မြို့နယ် မဲဆန္ဒနယ်မြေတွင် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၁၅၉ အုပ်စု မဲပေးနိုင်သည့် ဦးရေက ၃၃၇၂၇၃ ဦးရှိပါကြောင်း၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ် မဲဆန္ဒနယ်မြေတွင် ရပ်ကွက် ကျေးရွာ အုပ်စုပေါင်း ၁၂၂ အုပ်စုရှိပြီး မဲပေးနိုင်သည့် ဦးရေက ၂၁၈၄၆၇ ဦး ရှိပါကြောင်း၊ မြန်အောင်၊ ကြံခင်းမြို့နယ် မဲဆန္ဒနယ်မြေတွင် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၁၀၂ အုပ်စုရှိပြီး မဲပေးနိုင်သည့် ဦးရေ ၂၁၃၀၅၅ ဦး ရှိခဲ့ပါကြောင်း၊ ယခုလိုမဲဆန္ဒနယ်မြေ သတ်မှတ်ခြင်းသည် သင့်တော်လုံလောက် အစဉ်ပြေသည့်အတွက် ခွဲဝေသတ်မှတ်မှု ဖြစ်ပါကြောင်း၊

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အတွက် ၂ ဦးသာ သတ်မှတ်ခဲ့၍ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ သုံးမြို့နယ်တွင် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၂၄၁ အုပ်စု၊ မဲဆန္ဒရှင်ပေါင်း ၄၅၇၆၅၆ ဦး အတွက် ကိုယ်စားလှယ်တစ်ဦး၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း သုံးမြို့နယ်တွင် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၁၈၄ အုပ်စုတွင် မဲဆန္ဒရှင်ပေါင်း ၃၉၉၁၇၇ ဦးအတွက် ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ဟင်္သာတခရိုင်တွင် ကိုယ်စားလှယ်နှစ်ဦးသာ ထားရှိခဲ့သည့်အတွက် ကိုယ်စားပြုဆောင်ရွက် နိုင်စွမ်းလျော့ကျပြီး မျှတပြည့်ဝစွာ ဆောင်ရွက်နိုင်မှု အခက်အခဲများ ရှိပါကြောင်း၊ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကိုလည်း ထိခိုက်မှုများ ဖြစ်ပေါ်လာပါကြောင်း၊ မြောင်းမြမြို့နယ် တစ်ခုတည်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ပေးထားပါကြောင်း၊ ထို့ကြောင့် လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ယခင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကဲ့သို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၃ ဦး ပြန်လည်သတ်မှတ် ပေးနိုင်ခြင်းရှိ/မရှိ။ မရှိပါက မည်သည့် အတွက်ကြောင့် ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။