(ဂ)-အင်ဂျင်နီယာ COE (Centre of Excellence) တက္ကသိုလ်များမှ အင်ဂျင်နီယာဘွဲ့ရရှိသူများ၏ အလုပ်အကိုင်အခွင့်အလမ်းစီစဉ်ထားရှိမှုနှင့် အခြားနည်းပညာတက္ကသိုလ်များမှ ရရှိသောဘွဲ့သည် မည်သို့ကွာခြားမှုရှိသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
၁၄-၅-၂၀၁၈ ရက်နေ့တွင် ဝိဇ္ဇာ၊ သိပ္ပံ COE များနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အကျယ်တဝင့်ရှင်းလင်းခဲ့ပြီး ကျောင်းနေစဉ်တွင် ပြည်တွင်း/ပြည်ပ ပညာသင်အခွင့်အလမ်းများရှိကြောင်း၊ ကျောင်းပြီးလျှင် ရသည့်ဘွဲ့နှင့်တက္ကသိုလ်သာမက လူသားကောင်း၊ အသင်းအဖွဲ့စိတ်ဓာတ်၊ ကိုယ်ရည်ကိုယ်သွေး၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပြဿနာဖြေရှင်းနိုင်မှု၊ တီထွင်နိုင်မှု၊ သိက္ခာ၊ ကျွမ်းကျင်မှု၊ စိတ်အား ထက်သန်မှုများအပေါ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ကွာခြားသွားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊
တက္ကသိုလ်တစ်ခုနာမည်ရရန် ရာစုနှစ်ချီပြီး ကြိုးစားကြရကြောင်း၊ ကမ္ဘာ့နံပါတ် (၁၀) အတွင်းရှိ ဟားဗတ်၊ ကမ်းမရေ့၊ ရေး၊ UCL ၊ အောက်စဖို့၊ ချီကာကို စသည့် တက္ကသိုလ်များသည် ၎င်းတို့၏နံပါတ်စဉ်မြင့်အောင် အမြဲတမ်းယှဉ်ပြိုင်နေကြပါကြောင်း၊
၂၀၁၇ ခုနှစ် ပညာသင်နှစ်မှစပြီး တက္ကသိုလ်လမ်းညွှန်တွင် COE အတန်းများ မခေါ်တော့သည့်အတွက် ယခင် သုံး၊ လေးနှစ်ခေါ်သည်များကို မည်သို့လုပ်ပေးမည်လဲ၊ တက္ကသိုလ်ပညာရပ်များသည် တစ်နှစ်ချင်းပြီးသည့် အတန်းများ မဟုတ်ကြောင်း၊ တစ်နှစ်ခေါ်လျှင် လေးနှစ်၊ ငါးနှစ်၊ ခြောက်နှစ်စသည်ဖြင့် ကြာသည့်အခါ ရလာမည့် ရလဒ်ကောင်းများအပေါ် တာဝန်ယူပေးရမည်ဖြစ်ပြီး ထိုရလဒ်များအပေါ် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများနှင့် ဆရာသမားများက အားကိုးတကြီး မျှော်လင့်ထားကြပါ ကြောင်း၊ သို့ဖြစ်ပါ၍ အင်ဂျင်နီယာ COE (Centre of Excellence) တက္ကသိုလ်များမှ အင်ဂျင်နီယာဘွဲ့ရရှိသူများ၏ အလုပ်အကိုင်အခွင့်အလမ်းစီစဉ်ထားရှိမှုနှင့် အခြားနည်းပညာတက္ကသိုလ် များမှ ရရှိသောဘွဲ့သည် မည်သို့ကွာခြားမှုရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့သည်။