(စ)-ကိုယ်ပိုင်ဘာသာရပ်သင်ဆရာများအတွက် ကိုယ်ပိုင်ကျောင်းဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ ပညာရေး ဝန်ကြီးဌာနမှ ရက်တိုသင်တန်းများကို ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

၂၀၁၀ ခုနှစ်၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေပြဋ္ဌာန်းပြီးသည့်နောက် မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ကျောင်းများ အသီးသီးပေါ်လာပါကြောင်း၊ ထူးချွန်ထက်မြက်သည့် ကလေးများကို ကိုယ်ပိုင် ကျောင်းများမှ မွေးထုတ်ပေးနေသည်ကိုလည်း ‌တွေ့ရပါကြောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် မြန်မာနိုင်ငံ ကိုယ်ပိုင်ကျောင်းအရေအတွက်ပေါင်း ၆၀၀ ကျော် ဖွင့်‌လှစ်ခွင့်ပေးထားသည်ကို တွေ့ရှိရသဖြင့် အားရ ကျေနပ်စရာတစ်ခုဖြစ်ပါကြောင်း၊ သို့သော် ကိုယ်ပိုင်ကျောင်းဆရာများအတွက် မှတ်ပုံတင်လျှောက်ထားသည့်အခါ အခက်အခဲများရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ဘာသာရပ်သင်ဆရာ နှစ်သိန်း ဝန်းကျင်ရှိပါကြောင်း၊ ယနေ့ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေအရ ကိုယ်ပိုင်ကျောင်းဆရာအဖြစ်နှင့် မှတ်ပုံတင်လျှောက်ထားမည်ဆိုလျှင် ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ပါရဂူဘွဲ့ သို့မဟုတ် ပညာရေးဘွဲ့ရရှိသူဖြစ်ပြီး ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာ သို့မဟုတ် လက်မှတ်ရရှိသူ၊ ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ပညာရေးဝန်ကြီးဌာနမှ ဖွင့်‌လှစ်သည့် ဆရာအတတ်ပညာ ရက်တိုသင်တန်းဆင်းလက်မှတ်ရရှိသူဖြစ်ရမည်ဟု ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်တွင် Criteria များ သတ်မှတ်ထားပါကြောင်း၊ ကိုယ်ပိုင်ကျောင်းဆရာများအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ဆရာအများစုသည် ရိုးရိုးသာမန်ဘွဲ့ရများဖြစ်သည်ကို တွေ့ရပါကြောင်း၊ ထိုဆရာများအတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည့် ဥပဒေပါပြဋ္ဌာန်းချက်တစ်ခုဖြစ်သည့် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် အတတ်ပညာရက်တိုသင်တန်းဆင်းလက်မှတ်ရရှိမှသာ ကိုယ်ပိုင်းကျောင်းဆရာအဖြစ် မှတ်ပုံတင်လျှောက်ထား၍ ရမည့်အခြေအနေဖြစ်နေပါကြောင်း၊  ထို့နောက် ဥပဒေ ပုဒ်မ ၂၉ တွင် ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်မရှိဘဲ ကိုယ်ပိုင်ကျောင်းဆရာအဖြစ် ဆောင်ရွက်ခြင်း မပြုရဟု ပါရှိသည့်အတွက် အကယ်၍ ထိုပုဒ်မကို ချိုးဖောက်လျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေတွင် ဖော်ပြထားပါကြောင်း၊ Noble Professional တစ်ခုဖြစ်သည့် စာသင်သည့်လုပ်ငန်းနှင့် ရပ်တည်နေကြသည့် အနန္တဂိုဏ်းဝင်ဆရာဆရာမများ၏ ကြီးမားသည့်အရင်းအနှီးသည် ဂုဏ်သိက္ခာများဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆရာဆရာမများ ဥပဒေပြဋ္ဌာန်းချက်ပါအချက်နှင့်အညီ ဂုဏ်သိက္ခာရှိရှိ စာသင်ကြားနိုင်ရန် ဥပဒေပါပြဋ္ဌာန်းချက်တစ်ခုဖြစ်သည့် ပညာရေးဝန်ကြီးဌာနမှ စီစဉ် ကျင်းပပေးမည့် ပညာရေးရက်တိုသင်တန်းဖွင့်လှစ်ရန် မျှော်လင့်နေကြပါကြောင်း၊ ထို့ကြောင့် ကိုယ်ပိုင်ဘာသာရပ်သင်ဆရာများအတွက် ကိုယ်ပိုင်ကျောင်းဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနက ရက်တိုသင်တန်းများကို ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ဖွင်‌့လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့သည်။