(က)-လူနေရပ်ကွက်၊ ကျေးရွာများအတွင်း ဆောက်လုပ်ထားသော ဆက်သွယ်ရေးတာတိုင်များ၏ ကြံ့ခိုင်ရေး နှင့်ပတ်သက်၍ စစ်ဆေးရေးအစီအစဉ်များ ဆောင်ရွက်ထားခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များကို ယခင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတည်းကသာ ပိုင်ဆိုင်ခဲ့သော်လည်း ယခုအခါ Telenor၊ Ooredoo, Mytel စသည့် ကုမ္ပဏီကြီးလေးခုရှိကြပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တာဝါတိုင်များသည် အရေအတွက် ၇၀၀၀ ကျော်ပြီဟု သိရှိရပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းပိုင် တာဝါတိုင် ၃၀၀၀ ခန့်သည် ဆက်သွယ်ရေးကဏ္ဍ မဖွံ့ဖြိုးမီက ဆောက်လုပ်ခဲ့သည့် တာဝါတိုင်များ အဟောင်းများ ဖြစ်ကြောင်းလည်း သိရပါသည်။ ၂၀၁၄ ခုနှစ် နောက်ပိုင်း ဆက်သွယ်ရေးကဏ္ဍသည် ပြိုင်ဆိုင်မှုအသွင် ဆောင်လာခဲ့ပြီးနောက် ဆောက်လုပ်ထားသည့် တာဝါတိုင်များသည် ခေတ်သစ်တိုက်များဟု ဆိုရမည် ဖြစ်ပါကြောင်း၊ ဆက်သွယ်‌ရေးတာဝါတိုင်များသည် မိုဘိုင်းဖုန်း အသုံးပြုမှုများလေလေ၊ ဆက်သွယ်ရေး တာဝါတိုင်များလေလေ ဖြစ်ပါကြောင်း၊ လူနေထူထပ်ပြီး ဆက်သွယ်မှု များပြားသည့် နေရာများတွင် တည်ဆောက်ထားရခြင်း ဖြစ်သည့်အတွက်ကြောင့် လူမူကွန်ရက်တစ်ခု ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရာတွင် တိုင်များ၏ လေတိုက်ခံနိုင်မှုအားကို လူထုသိအောင် ထုတ်ပြန်ကြေညာထားခြင်း မရှိကြောင်းလည်း ထင်မြင်ယူဆရပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးများတွင် တစ်နာရီကို မိုင် ၁၂၀ ထိ ခံနိုင်ရည်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် မိုင် ၁၄၀ ထိ ခံနိုင်ရည်ရှိကြောင်း၊ ကချင်၊ ကရင်၊ မကွေးစသည့် ဒေသများတွင် တစ်နာရီ မိုင် ၈၀ အထိ ခံနိုင်ရည်ရှိကြောင်း ကုမ္ပဏီများက ထုတ်ပြန်ကြေညာ ထားသည်ဟုဆိုနိုင်ပါကြောင်း၊ သို့သော် တာဝါတိုင်မြင့်လေလေ လေတိုက်နှုန်း ခံရလေလေ ဖြစ်ပါကြောင်း၊ ပုံမှန်အားဖြင့် GSM တာဝါတိုင်များ၌ တပ်ဆင်ထားသည့် စက်ပစ္စည်းများသည် လေတိုက်နှုန်းကို ခံနိုင်ရည်ရှိသော်လည်း မိုက်ခရိုဝေ့ကဲ့သို့ စလောင်းကြီးများ တပ်ဆင်ထားသည့် တာဝါတိုင်များသည် လေတိုက်နှုန်းကို ပိုမိုခံရပြီး စလောင်းကြီးများ၏ အလေးချိန် လေတိုက်ရာဘက်ကို မျက်နှာမူထားမိပါက လေပြင်းတိုက်လျှင် ဆွဲသကဲ့သို့ တာဝါတိုင်များ ကျိုးပျက်သွားနိုင်ပါကြောင်း၊ တာဝါတိုင်များ၏ သံအရည်အသွေးကလည်း တာဝါတိုင်များ၏ ကြံ့ခိုင်မှုအတွက် ပိုအရေးကြီးပါကြောင်း၊ ၎င်းတို့၏ အောက်ခြေ Foundation များ မည်မျှနက်အောင် တူးထားသော်လည်း တာဝါတိုင်များသည် ရာသီဥတုဒဏ်ကို နှစ်ပေါင်းများစွာ ကြာလာပါက မူလီချောင်း ချောင်ခြင်း၊ ဆွေးမြည့်ခြင်းများ ဖြစ်လာပြီး မပြိုလဲသော်လည်း ပြတ်ကျခြင်း၊ ပြုတ်ကျခြင်းများ ဖြစ်နိုင်ပါကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် တာဝါတိုင်များ ပြိုလဲခဲ့သည့် သမိုင်းရှိပါကြောင်း၊ ၂၀၀၀ ပြည့်နှစ်က ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် ဖြစ်ခဲ့ဖူးပါကြောင်း၊ အခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း ၂၀၁၈ ခုနှစ် ဧပြီလ စလင်းမြို့တွင်လည်းကောင်း၊ ‌မြောက်ဥက္ကလာပမြို့နယ်တွင်လည်းကောင်း၊ မေလ ၉ ရက်နေ့တွင် ကောလင်းမြို့တွင်လည်းကောင်း ကျိုးကျခဲ့သည့် သတင်းများ ကြားရပါကြောင်း၊

သက်တမ်းမည်မျှထိအောင် ကြာရှည်ခံနိုင်သည်ဟု ဆိုထားသော်လည်း မည်သည့်အရာမှ စိတ်မချရသဖြင့် အခုတလော ဖြစ်ပျက်နေသည့် အဖြစ်အပျက်များက သတိထားစရာရှိပါကြောင်း၊ မြောင်းမြကြိုးတံတားလည်း ကျိုးကျခဲ့ပါကြောင်း၊ ဆွာရေလှောင်တမံလည်း ကျိုးပေါက်ခဲ့ပါကြောင်း၊ နောက်ဆက်တွဲအားဖြင့် ဆွာချောင်းတာတမံ မကျိုးသော်လည်း၊ ဆွာချောင်းတံတား မကျိုးသော်လည်း နိမ့်ကျသွားခဲ့ပါကြောင်း၊ ၁၀ နှစ်ကျော်သက်တမ်းသာ ရှိပါသေးကြောင်း၊ ယနေ့ ရာသီဥတုဖောက်ပြန်မှုများ ရှိနေခြင်းကြောင့် မည်သည့်အရာမှ စိတ်မချရပါကြောင်း၊ ထို့ကြောင့် ယခုလို သတင်းဆိုးများ မကြားရလေအောင် မြန်မာပြည်တစ်ဝန်း လူနေရပ်ကွက်အတွင်းရှိနေသည့် ဆက်သွယ်ရေးတိုင်များ မကျိုး၊ မလဲရလေအောင် သက်ဆိုင်ရာက ကြံ့ခိုင်မှုစစ်ဆေးခြင်း များရှိ/မရှိ တစ်နှစ်ကို မည်မျှအကြိမ်ရေတွက် စိစစ်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။