(င)-ဟိုပန်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ငွေတိုက်ခွဲကို မြန်မာ့စီးပွားရေးဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ပေးရန်နှင့် ဘဏ်နှင့်ဘဏ်ဝန်ထမ်းများလုံခြုံရေးအတွက် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့သည် တိုင်းရုံးစိုက်ရာ ခရိုင်မြို့ဖြစ်ပြီး ဒေသတွင်းဆိုင်ရာ အုပ်ချုပ်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤသို့ဒေသ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးဆိုင်ရာလုပ်ငန်းများ အဆင်ပြေစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်ခွဲအသစ်ကို ၁-၄-၂၀၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၎င်း ဘဏ်ငွေတိုက်ခွဲသည် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများ၏ အဓိကအမှီပြု အားထားရသော တစ်ခုတည်းသော မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်ခွဲလည်း ဖြစ်ပါကြောင်း၊ ဟိုပန်မြို့၏ ဘဏ်ငွေကြေးစီးဆင်းမှုအနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ၉၂၂ သန်းကျော်ရှိခဲ့ရာမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၂၈၇၉ သန်းအထိ တိုးမြှင့်လာခဲ့ပါကြောင်း၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေစာရင်းမှ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၃၅၁ သန်း ကျော် ထုတ်ပေးခဲ့ရာမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၃၁၇၇ သန်းကျော်အထိ တိုးမြှင့်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာနိုင်ငံ့ ဝန်ထမ်းများနှင့် တပ်ရင်းတပ်ဖွဲ့များ၏ ငွေသွင်းငွေထုတ်လုပ်ငန်းများ၊ စာရင်းရှင်အပ်ငွေများ၊ ငွေစုဘဏ်အပ်နှံခြင်းများ၊ ပြည်တွင်းငွေလွှဲခြင်း လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် ယခင်ကထက် ပိုမိုများပြား တိုးတက်လာသည့်အတွက် ဟိုပန်မြို့နယ်တွင် မြန်မာ့စီးပွားရေး ဘဏ်ခွဲတစ်ခု အမှန်လိုအပ်လျက်ရှိပါကြောင်း၊ မြန်မာ့စီးပွားရေး ဘဏ်ခွဲအဆင့်အဖြစ် တိုးမြှင့်ခွင့် ရရှိပါက ၎င်းဘဏ်နှင့်ဘဏ်ဝန်ထမ်းများ၏ လုံခြုံရေးသည်လည်း အရေးကြီးလာမည် ဖြစ်သည့်အတွက် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကိုလည်း တစ်ပါတည်းဆောင်ရွက်ပေးရန် လိုအပ်လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ငွေတိုက်ခွဲအား မြန်မာ့စီးပွားရေးဘဏ် ခွဲအဆင့်အဖြစ် တိုးမြှင့်ပေးရန်နှင့် ဘဏ်နှင့်ဘဏ်ဝန်ထမ်းများ လုံခြုံရေးအတွက် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။