(ဃ)-တရားမဝင်ရောင်းဝယ်ဖောက်ကားရာမှ ဖမ်းဆီးရရှိသော သက်သေခံပစ္စည်းများဖြစ်သည့် မော်တော် ယာဉ်၊ ယာဉ်များနှင့် သစ်တောထွက်ပစ္စည်းများအား အရည်အသွေးမပျက်စီးမီ အမြန်ဆုံး လေလံတင် ရောင်းချရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

မိမိတို့တိုင်းပြည်တွင် တရားမဝင်လုပ်ငန်းများ၊ တရားမဝင်ရောင်းဝယ်ဖောက်ကားရာမှ ဖမ်းဆီရရှိသော ယာဉ်များကို တရားရုံးနှင့် ရဲစခန်းများတွင်  သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားသည်များ မြောက်များစွာ ရှိသကဲ့သို့ သစ်တောထွက်ပစ္စည်းများ တရားမဝင်ရောင်းချရာမှ ဖမ်းဆီးရမိသည့် သစ်တောထွက်ပစ္စည်းများသည်လည်း သစ်တောစခန်း၊ သစ်တောရုံးများတွင် အမြောက်အများ ရှိပါကြောင်း၊ ဖမ်းဆီးရမိသည့် ပစ္စည်းများကို တရားရင်ဆိုင်နေစဉ် ကာလတွင် အမှုမပြီးပြတ်မချင်း သိမ်းဆည်းထားသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ၎င်းသက်သေခံ ပစ္စည်းများကို  လုံလုံခြုံခြုံအမိုးအကာအရိပ်အောက်တွင် ထိန်းသိမ်းထားနိုင်ခြင်းမရှိသည့်အတွက် အမှုမပြီးပြတ်ခင် ပျက်စီးယိုယွင်းနေသည်ကို တွေ့ရှိရပါကြောင်း၊

ထို့ပြင် ဖြုတ်ယူတပ်ဆင်ရန် လွယ်သည့်ပစ္စည်းများကို  အလွယ်တကူဖြုတ်ယူခြင်းများပြုလုပ်ခြင်း၊ သစ်တောထွက်ပစ္စည်းများ ပျက်စီးယိုယွင်းပြီး အမှုပြီးမှ လေလံတင်သည့်အတွက် အသုံးပြုနိုင်ခြင်း မရှိသည့်အပြင်  ပုံစံ(၈)နှင့် ထုတ်ယူသည့်အတွက် အခွန်မပါဘဲ တိုင်းပြည်အတွက် နစ်နာသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုအစိုးရမှ သက်ဆိုင်ရာဝန်ကြီးဌာနကို စနစ်တကျ စီမံ ညွှန်ကြားရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများက အမှုများကို အမြန်ဆုံးပြီးစီးအောင် မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် စစ်ဆေးရန်နှင့် အရည်အသွေးမပျက်ခင် တင်ဒါခေါ်ယူခြင်းများပြုလုပ်နိုင်ရန် လိုအပ်ပါကြောင်း၊

ထို့ကြောင့် တရားမဝင်ရောင်းဝယ်ဖောက်ကားရာမှ ဖမ်းဆီးရရှိသော သက်သေခံပစ္စည်းများဖြစ်သည့် မော်တော် ယာဉ်၊ ယာဉ်များနှင့်သစ်တောထွက် ပစ္စည်းများအား အရည်အသွေးမပျက်စီးမီ အမြန်ဆုံး လေလံတင်ရောင်းချရန် အစီအစဉ်ရှိ/မရှိနှင့် သိလိုပါကြောင်း မေးမြန်းပါသည်။