(ခ)-မိုးနဲမြို့နယ်အတွင်းရှိ နမ့်တွန်ချောင်း၊ နမ့်စလိုင်ချောင်း၊ နောင်အွန်ချောင်း၊ နောင်ကျော့အင်းနှင့် လွိုင်စယ်အင်းများအား အချိန်မီချဲ့ထွင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဖိုင်လုံဆည်သည် နိုင်ငံတော်မှ ဆောက်လုပ်ထားသည့် ကွန်ကရစ်ဆည်၊ ရေလွှဲဆည်အမျိုးအစားဖြစ်ပါကြောင်း၊ ရေဝင်ဆံ့မှု ကုဗပေ ၃၀၀၀ ဖြစ်ပြီး အကျိုးပြု ဧကပေါင်း ၄၃၃၀ ဖြစ်ကြောင်း၊ အဆိုပါဖိုင်လုံဆည် ရေသောက်ဧရိယာအတွင်း ဖြတ်သန်းစီးဆင်းနေ သည့် နမ့်တွန်ချောင်း၊ နမ့်စလိုင်ချောင်းနှင့် နောင်အွန်ချောင်းများရှိပြီး နှစ်ကာလကြာမြင့်လာတာနှင့်အမျှ အကြောင်းအမျိုးမျိုးကြောင့် တိမ်ကောကျဉ်းမြောင်းလာပါကြောင်း၊ ထို့အပြင် စီးဝင်လာသည့် ရေများကို ယာယီသိုလှောင်ပေးနိုင်သော နောင်ကျော့အင်းနှင့် လွိုင်စယ်အင်းတို့သည် ရေနေဧရိယာများ တိမ်ကော ကျဉ်းမြောင်းလာလျက်ရှိပါကြောင်း၊ အဓိကချောင်းသုံးချောင်းနှင့် အင်းနှစ်အင်း တိမ်ကောကျဉ်းမြောင်း လာသည့်အတွက် နှစ်စဉ်ချောင်းဝန်းကျင်ရှိ မြေနိမ့်ဧရိယာများတွင် စိုက်ပျိုးထားသည့် လယ်မြေများ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် အင်းများ ပြန်လည် တူးဖော်ခြင်း၊ ရေကာတာပေါက်များ အမြင့်ပြုလုပ်ပေးခြင်း၊ ချောင်းတစ်လျှောက်ရေကန်ပေါက်များ မြှင့်တင်ပေးခြင်း၊ ချောင်းများအား ချောင်းချဲ့ထွင်တူးဖော်ခြင်းနှင့် ချောင်းတွင်းရှိ သစ်ပင်ချုံနွယ်များအားလုံး ရှင်းလင်းခြင်းတို့ကို အချိန်မီဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့သည်။