(ဃ)-ဗိုလ်တထောင်မြို့နယ်၊ (၉)ရပ်ကွက်၊ ၄၇ လမ်း(အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)ကို ပြည်သူများ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုနိုင်ရေးအတွက် မဖြစ်မနေဆောင်ရွက်ပေးပါရန် နှင့် စပ်လျဉ်းသည့်မေးခွန်း
ဗိုလ်တထောင်မြို့နယ်၊ (၉)ရပ်ကွက်၊ ၄၇ လမ်းသည် ရန်ကုန်မြူနီစီပါယ် အမည်ပေါက်ဧရိယာ ဝ.၉၂၄ ဧက၏ တစ်စိတ်တစ်ဒေသ ဝ.၆၈၉ ဧကအား မြို့ပြနှင့် အိုးအိမ်ဦးစီးဌာန၊ အစိုးရပိုင် မြေနေရာပါ မြို့ပြမြေစာရင်းတစ်ရပ်အား သတ်မှတ်ပေးပါရန် ၂၀၁၆ ခုနှစ် ဇူလိုင်လပိုင်းက ခွင့်ပြုခဲ့သော မြေနေရာ ဖြစ်ပါကြောင်း၊ ၂၅-၉-၂၀၀၂ ရက်နေ့မှစ၍ စီမံကိန်းစတင်အကောင်အထည်ဖော်ခွင့်ပြုခဲ့ပြီး ထို Project အတွင်း ကျရောက်ခဲ့သော ၄၇ လမ်းအပိုင်းကို စီမံကိန်းအတိုင်း အဖြောင့်မဟုတ်ဘဲ အကွေ့ အကောက်ပါသော ဒီဇိုင်းဖြင့်ပြုလုပ်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော် ၂၀၀၂ ခုနှစ်မှစတင် အကောင်အထည်ဖော်ခွင့်ပြုခဲ့သော စီမံကိန်းနေရာများတွင် ကုမ္ပဏီများအနေဖြင့် အချို့သတ်မှတ် ကာလအတွင်း ပြီးစီးဆောင်ရွက်ခဲ့သော်လည်း ၄၆ လမ်းနှင့် ၄၇ လမ်းအကြား စီမံကိန်းဧရိယာသည် ယနေ့အထိ ဆောင်ရွက်မှုအချို့သာ ပြီးစီးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊
ယခုအခါ ရန်ကုန်မြို့သည် မြို့ပြဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့အတွင်း Down Town (၆) မြို့နယ်သည် အနော်ရထာလမ်းတွင် ဗိုလ်တထောင်(၆)၊ ဗိုလ်တထောင်(၅)၊ ခရိုင်ရဲစခန်း၊ City mart ၊ ဈေးဆိုင်များ၊ စတိုးဆိုင်များစွာလည်း ရှိနေပါကြောင်း၊ မဟာဗန္ဓုလလမ်းတွင်လည်း ဘဏ်များ၊ စားသောက်ဆိုင်များ များစွာရှိပြီး ဗိုလ်မြတ်ထွန်းလမ်းနှင့် ၄၇ လမ်းကြားတွင် ဘားဆိုင်များစွာ ရှိနေပါကြောင်း၊ မြို့တွင်းလမ်းတစ်လမ်း ပိတ်ထားခြင်းသည် ဗိုလ်တထောင်နေပြည်သူများအတွက် သာမက ရန်ကုန်မြို့နေ လမ်းသုံးစွဲသူအားလုံးနှင့်လည်း သက်ဆိုင်လျက်ရှိပါကြောင်း၊ လမ်းပိတ်ထား သော ၄၇ လမ်းတွင်လည်း ဘားဆိုင်များရှိသည့်အတွက် ညအချိန်မတော်ခိုက်ရန်ဖြစ်ပွားခြင်း၊ သတ်မှတ်ထားသောလမ်းမရှိသဖြင့် မှောင်ရိပ်ခိုခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲ၍ မူးယစ်ရမ်းကားခြင်း၊ ဆူညံခြင်း၊ ညအချိန်မတော် ကားများအပြိုင်အဆိုင် မောင်းကြခြင်းများကြောင့် ရပ်ကွက်နေပြည်သူများ မကြာခဏတိုင်ကြားမှုများလည်း ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ၄၇ လမ်းက ယခင်လမ်းနယ်နိမိတ် သတ်မှတ်ထားသောပေအကျယ် ၅၀ ရှိပြီး ယခုအခါ စီမံကိန်း အဆောက်အအုံ၊ ခြံစည်းရိုးနှင့် လမ်း နယ်အတွင်းတည်ဆောက်ထားခြင်းရှိနေသဖြင့် မဟာဗန္ဓုလ လမ်းတစ်ဖက် လမ်းအကျယ် ၁၁ ပေ၊ အနော်ရထာလမ်းဘက်တွင် လမ်းအကျယ် ၃၁ ပေကျန်နေတာ တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လမ်းပြန်လည်တည်ဆောက်ရာတွင် လမ်းအင်္ဂါရပ်နှင့်အညီ ယာဉ်များဖြတ်သန်းသွားလာနိုင်ရန် ကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်းများထားရှိပြီး မူလစီမံချက်အတိုင်း ပေါ်တီကိုအောက် စြင်္ကံတစ်လျှောက်တွင် Pedestrian Way ထားရှိနိုင်ပြီး လမ်းကိုပိတ်ထားခြင်းသည် အများအတွက် အကျိုးမရှိသလို ကုမ္ပဏီများအတွက်လည်း ထိခိုက်နစ်နာခြင်း တစ်စုံတစ်ရာမရှိခြင်းကြောင့် အရပ်သား အစိုးရလက်ထက်တွင် ဗိုလ်တထောင်ပြည်သူများ၏ အကြိမ်ကြိမ်တောင်းဆိုနေကြသော ၄၇ လမ်းပြန်လည်ရရှိရေး မဖြစ်မနေဆောင်ရွက်ပေးပါရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြို့ပြနှင့် အိုးအိမ်ဌာန၊ သက်ဆိုင်ရာကုမ္ပဏီများ ညှိနှိုင်း၍ မဖြစ်မနေဆောင်ရွက်ပေးပါရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သောကြောင့် ဗိုလ်တထောင်မြို့နယ်၊ (၉)ရပ်ကွက်၊ ၄၇ လမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိုးအိမ်ဦးစီးဌာနမှ ဆောက်လုပ် ခဲ့သည့် စီမံကိန်းဧရိယာအတွင်းတွင် စည်ပင်သာယာအမည်ပေါက် ၄၇ လမ်းအား ရောင်းချခဲ့ပြီး ဖြစ်သော်လည်း အဆိုပါလမ်းအား အများပြည်သူ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုနိုင်ရေး အတွက် မဖြစ်မနေဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။