(ဂ)-တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသော အစိုးရဌာန၊ အဖွဲ့အစည်းနှင့် တာဝန်ခံတင်ဒါကော်မတီ များ၏ ဖွဲ့စည်းပုံ၊ အမည်ပျက်စာရင်းသွင်းခံရသော ကုမ္ပဏီများစာရင်းတို့ကို ဘဏ္ဍာရေးနှစ်အလိုက် ဖော်ပြပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းလည်းမေးခွန်း

2020-12-26

 

တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသော အစိုးရဌာန၊ အဖွဲ့အစည်းနှင့် တာဝန်ခံတင်ဒါကော်မတီ များ၏ ဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့်နှင်‌့ တာဝန်၊ တင်ဒါအောင်ကုမ္ပဏီများ၏ ဖွဲ့စည်းပုံ၊ အောင်မြင်သည့် အခြေအနေ၊ (Blacklist)အမည်ပျက်စာရင်းသွင်းခံရသော ကုမ္ပဏီများစာရင်းတို့ကို ဘဏ္ဍာရေးနှစ် အလိုက် ဖော်ပြပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

မိမိတို့အနေဖြင့် လုပ်ငန်းများအရည်အသွေး မပြည့်မီပါက တင်ဒါကုမ္ပဏီများကိုသာ ပြောလေ့ရှိပါကြောင်း၊  တစ်ချိန်တည်းမှာပင် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တာဝန်ခံ များကိုပါ မည်သည့်လုပ်ငန်းကို မည်သူကဦးဆောင်ကြောင်း တာဝန်ခံတိတိကျကျ ထားပေးစေချင်ပါကြောင်း၊ သို့မှသာ ကုမ္ပဏီများအရည်အသွေး မပြည့်မီပါက အရေးယူဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ ဝန်ကြီးဌာနများ ဆောင်ရွက်ပါကလည်း တာဝန်ခံများကိုပါ အရေးယူဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အရည်အသွေး ပြည့်ပြည့်ဝဝ ဆောင်ရွက်သော ဝန်ကြီးဌာနများ၏ တာဝန်ခံများအနေဖြင့်လည်း မိမိ၏လုပ်ဆောင်ချက်အတွက် မိမိဂုဏ်ယူနိုင်မည် ဖြစ်ပါကြောင်း၊

နိုင်ငံတော်၏ စီးပွားရေးမူဝါဒများတွင် ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များ တိုးတက်ပွားများလာအောင် ဆောင်ရွက်ရန်ဟူသည့် တစ်ချက်ပါရှိကြောင်း၊ နိုင်ငံတော်တွင် ရငွေနှင့်သုံးငွေရှိသည့်အနက် ရငွေတွင်တစ်ခြား ရယူငွေအပြင် အခွန်အကောက်ကရသည့် ရငွေများလည်း ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က သုံးငွေကို ဝန်ကြီးဌာနများက စီမံခန့်ခွဲရာတွင် အဆင်ပြေချောမွေ့ပါက ပြည်သူအနေများအနေဖြင့်လည်း အခွန်အကောက်ပေးရန် ပိုမိုကြည်ဖြူလာမည် ဖြစ်ပါကြောင်း၊

(၁) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ၁၀-၄-၂၀၁၇ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)ကို လိုက်နာခြင်းရှိ/မရှိကို ဆန်းစစ်နိုင်ရန်၊ (၂) တင်ဒါကော်မတီများ၏ ပွင့်လင်းမြင်သာမှု တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို မြင့်တင်ပေးနိုင်စေရန်နှင့် လုပ်ပိုင်ခွင့်ကို လွဲမှားစွာသုံးစွဲခြင်းကို ကာကွယ်ပေးနိုင်ရန်၊ (၃) တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးနှင့် သင့်မြတ်လျော်ကန်သည့် ကုန်ကျစရိတ်ဖြစ်စေရန်၊ ဒေသခံပြည်သူများအတွက် အမှန်တကယ်အကျိုးရှိစေရန်၊ (၄) စာချုပ်စာတမ်း ဖောက်ဖျက်သည့် ကုမ္ပဏီအဖွဲ့ဝင်များနှင့် ကြီးကြပ်မှုအားနည်းပြီး ကျင့်ဝတ်မလိုက်နာသော အင်ဂျင်နီယာများ၏ အမည်ပျက်စာရင်းကို အများပြည်သူအား သိရှိစေခြင်းဖြင့် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားပြုခြင်းမှ ကာကွယ်နိုင်ရန်၊ (၅) နိုင်ငံတော်ဘတ်ဂျက်သုံးစွဲရာတွင် ထိုက်တန်သည့် အရည်အသွေးကို ရရှိခြင်းဖြင့် အစိုးရနှင့်ပြည်သူကြား အပြန်အလှန်ယုံကြည်မှုကို မြင့်တင်နိုင်ရန်အတွက် အဓိကရည်ရွယ်ခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် Blacklist သွင်းထားသည့် ကုမ္ပဏီများ၏ အမည်၊ အင်ဂျင်နီယာများ၏ အမည်များကို ပွင့်ပွင့်လင်းလင်း တင်ပေးနိုင်မည်ဆိုပါက ယခုထက်ပို၍ ပြည်သူ့ဘဏ္ဍာကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသော အစိုးရဌာန၊ အဖွဲ့အစည်းနှင့် တာဝန်ခံတင်ဒါ ကော်မတီများ၏ ဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့်နှင့်တာဝန်၊ တင်ဒါအောင်ကုမ္ပဏီများ၏ ဖွဲ့စည်းပုံ၊ အောင်မြင်သည့် အခြေအနေ၊ (Blacklist) အမည်ပျက်စာရင်း သွင်းခံရသော ကုမ္ပဏီများစာရင်းတို့ကို ဘဏ္ဍာရေးနှစ်အလိုက် ဖော်ပြပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။