(င)-အများပြည်သူနှင့်လူငယ်မျိုးဆက်သစ်များ လေ့ကျင့်ကစားနိုင်ရေးအတွက် ကမာရွတ်မြို့နယ်၊ အမှတ်(၉) ရပ်ကွက်အတွင်းရှိ တက္ကသိုလ်ဘောလုံးကွင်းများအား ပြန်လည်ဖွင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်အတွင်းရှိ ရန်ကုန်တက္ကသိုလ်ပရိဝုဏ်အတွင်းဘောလုံးကွင်း ရှစ်ကွင်းရှိပြီး ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)က စီမံအုပ်ချုပ်သည်ဟု သိရှိရပါကြောင်း၊ ဝန်ကြီးဌာနအသင်းခြောက်သင်းနှင့် တက္ကသိုလ်လေ့ကျင့်ရေးတပ်တို့က ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှ ၂၀၁၀ ခုနှစ်အထိ လေ့ကျင့်ခဲ့ကြပြီး ဗဟိုကွင်းကို ပြိုင်ပွဲအရပ်ရပ်ကျင်းပရာတွင် အသုံးပြုခဲ့ကြပါကြောင်း၊ ၂၀၁၀ ခုနှစ်ရောက်သည့်အခါ မြန်မာနိုင်ငံဘောလုံးအားကစား ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဝန်ကြီးဌာနအသင်းများကို ဖျက်သိမ်းပြီး ကိုယ်ပိုင်ကလပ်အသင်းများပေါ်ပေါက်လာစေရန် ဆောင်ရွက်မှုတို့ကြောင့် တက္ကသိုလ်ဘောလုံးကွင်း များတွင် ငှားရမ်းလေ့ကျင့်မှုအစီအစဉ်သည်လည်း ရပ်ဆိုင်းသွားခဲ့ရပါကြောင်း၊ ရပ်ဆိုင်းထားခဲ့သော ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကာလများအတွင်း ကွင်းအတွင်းတွင် ဈေးရောင်းချသူများ၏ ခိုက်ရန်ဖြစ်ပွားမှုများ၊ စည်းကမ်းမဲ့မှုများနှင့် အခကြေးငွေယူပြီး ကွင်းငှားရမ်းမှုပြဿနာများကြောင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများတို့က ဈေးသည် များကို ၂၀၁၆ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လတို့တွင် နှစ်ကြိမ်တိတိ တွေ့ဆုံညှိနှိုင်းခဲ့ပါကြောင်း၊ အဆိုပါတွေ့ဆုံညှိနှိုင်းမှုများအရ ဈေးရောင်းချသူများမှ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပြီး ဗဟိုကွင်းမှလွဲပြီး ကျန်သည့် ခုနစ်ကွင်းကို ယနေ့အချိန်အထိ ပိတ်သိမ်း ထားခဲ့ပါကြောင်း၊
မြန်မာ့အားကစားဘောလုံး လောကဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေးအတွက် အဓိကလိုအပ်ချက် တစ်ရပ်ဖြစ်သော ဘောလုံးကွင်းများ ပေါ်ထွက်လာစေရေးအတွက် ရန်ကုန်တက္ကသိုလ်ဘောလုံးကွင်း များအား ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။