(ဆ)-မိုးနဲမြို့နယ်၊ ဘောလုံးအားကစားကွင်းအတွက် ပွဲကြည့်စင်တစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်၊ လင်းခေးခရိုင် မိုးနဲမြို့နယ် ပေါ့မိုင်းရပ်ကွက်အတွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် မြို့နယ်ဘောလုံးအားကစားကွင်းသည် အခြေခံအလယ်တန်းကျောင်း မြို့မ အနီးတွင်တည်ရှိပြီး မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ ရပ်ကွက်အတွင်းရှိ ကလေးသူငယ်များ နှစ်စဉ်လာရောက်လေ့ကျင့်ကစားနေသော ကွင်းလည်း ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ ဘောလုံးအားကစားကို စိတ်ဝင်စားသူများမှလည်း နေ့စဉ်အားကစားလေ့ကျင့်မှုများ လာရောက်ပြုလုပ်နေကြပြီး မြို့နယ် အဆင့်အားကစားပြိုင်ပွဲများ အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများကိုလည်း တစ်နှစ်အနည်းဆုံး တစ်ကြိမ်ခန့် ကွင်းအတွင်းပုံမှန်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်အဆင့် ဘောလုံး အားကစားကွင်းဖြစ်သော်လည်း ကွင်းအတွင်းပွဲကြည့်စင်မရှိသည့်အတွက် ပြိုင်ပွဲများကျင်းပသည့်အခါ များတွင် ဌာနဆိုင်ရာများနှင့် ပွဲကြည့်ပရိတ်သတ်များအတွက် ယာယီတဲများထိုးပြီး ပွဲကြည့်စင်အဖြစ် ဆောင်ရွက်ပေးနေရပါကြောင်း၊ သို့ဖြစ်သည့်အတွက် မြို့နယ်ဘောလုံးအားကစားကွင်းအတွင်း ပွဲကြည့်စင်တစ်ခု ဆောက်လုပ်ပေးရန် ရှိ/မရှိ၊ မရှိပါက အဘယ်ကြောင့်နည်း၊ ရှိပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။