(င)-ပြည်သူလူထုအများဆုံး အသုံးပြုနေသည့် ဆရဲဂျာထန်ကြိုးတံတား (၁၁၀) ပေ၊ ကျီးဒူချောင်းကူး ကြိုးတံတား (၁၅၀) ပေ၊ မော်ခိုဝါကြိုးတံတား (၈၀) ပေ၊ မိုကိုဆားကြိုးတံတား (၁၄၀) ပေ တို့အား အမြန်ဆုံးဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

2020-12-26

 

(င)-ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အရေးကြီးပြီး ပြည်သူလူထုအများဆုံး အသုံးပြုနေသည့် ဆရဲဂျာထန် ကြိုးတံတား (၁၁၀) ပေ၊ ကျီးဒူချောင်းကူး ကြိုးတံတား (၁၅၀) ပေ၊ မော်ခိုဝါကြိုးတံတား (၈၀) ပေ၊ မိုကိုဆားကြိုးတံတား (၁၄၀) ပေ တို့အား အမြန်ဆုံးဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ခေါင်လန်ဖူးမြို့နယ်သည် ကျေးရွာအုပ်စု ၂၃ အုပ်စုရှိပြီး ၎င်းတို့ထဲတွင် ရှီးလန်ဒမ်းအုပ်စု၊ ရပ်မားအုပ်စု၊ ထဖုံးအုပ်စု၊ နမ်ချိန်အုပ်စုသည် သီးခြားစီရှိနေသည့် ကျေးရွာအုပ်စုများ ဖြစ်ပါကြောင်း၊ ယခုလို သီးခြားစီရှိနေသည့်အတွက် ဌာနဆိုင်ရာများ အရောက်အပေါက်အလွန်နည်းသော ကျေးရွာအုပ်စု ဖြစ်ပါကြောင်း၊ မိမိတို့ ခေါင်လန်းဖူးမြို့နယ်သည် မြန်မာနိုင်ငံမြောက်ဘက် အကျဆုံးမြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်‌ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် ကဏ္ဍများတွင် နောက်ကျ ကျန်နေသည့် မြို့နယ်လေးဖြစ်ပါကြောင်း၊ ယခုအခါ ခေါင်လန်းဖူးမြို့နယ်အတွင်းရှိ ရှီးလန်ဒမ်းအုပ်စု၊ ရပ်မားအုပ်စု၊ ထဖုံးအုပ်စု၊ နမ်ချိန်အုပ်စုများတွင် မိုးများပြီး လမ်း၊ တံတားများပျက်စီးနေသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါတံတားများသည် တစ်ရွာနှင့်တစ်ရွာ ကူးလူးဆက်သွယ် သွားလာနေကြသည့် တံတားဖြစ်ပြီး ကျောင်းသား/သူများသည် အဆိုပါတံတားလေးစင်းအား ခက်ခက်ခဲခဲဖြတ်ကျော်၍ တစ်ဖက်ရွာရှိ ကျောင်းများသို့ ကျောင်းတက်ကြရသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါတံတားသည် ၎င်းတို့ဒေသအတွက် အရေးကြီးပြီး ပြည်သူလူထုအများဆုံး အသုံးပြုအားကိုးအားထား သွားလာနေရသော တံတားဖြစ်ပါကြောင်း၊

၎င်းတံတားများသည် ယခင်က ပြည်သူလူထုများက ကိုယ်ထူကိုယ်ထ အမြဲတမ်း တည်ဆောက်နေပြီး ကြာလာသည့်အချိန်ကျ ပြည်သူလူထုလည်း အခက်အခဲများစွာ ဖြစ်သည့်အတွက် တည်ဆောက်နိုင်ခြင်း မရှိသည့်တံတားများ ဖြစ်ပါကြောင်း၊ ထိုတံတားများသည် ပြီးခဲ့သည့်ဇွန်လတွင် တံတားတည်ဆောက်ပြီး ဖြစ်ပါကြောင်း၊ သို့သော် ရေမျောသွားသည့် အချိန်ကျ ၎င်းနေရာတွင် တံတားထိုး၍ မရသည့်အတွက် ခက်ခက်ခဲခဲဖြင့် ၎င်းသစ်လုံးများ၊ တံတားများထိုးပြီးမှ သွားလာနေကြရသည့် နေရာများဖြစ်ပါကြောင်း၊ ယခုလိုတံတားများ ထိုကျေးရွာအုပ်စု လေးအုပ်စုတွင် ပြုပြင်ရန် လိုအပ်သည့်တံတားများ များစွာရှိနေပါသေးကြောင်း၊ သို့ဖြစ်ပါ၍ အရေးကြီးပြီး ပြည်သူလူထု အများဆုံး အသုံးပြုနေသည့် အဆိုပါလူကူးကြိုးတံတား လေးစင်းအား အချိန်မီမဆောက်လုပ်ပေးပါက ဒေသခံပြည်သူလူထုနှင့် ကျောင်းသား/သူများ အသွားအလာ ပြတ်တောက်မှု ဖြစ်ပေါ်နိုင်ပြီး စားနပ်ရိက္ခာနှင်‌့ ဆေးဝါးပစ္စည်းများအား ဆေးဝါးများရှာဖွေရာတွင် များစွာအခက်အခဲ တွေ့ကြုံနေရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပျက်စီးနေသည့် အဆိုပါတံတားလေးစင်းအား အချိန်မီဆောက်လုပ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။