(ဆ)-လေရှီး-ဂျီလာ-သာယာလမ်း (၁၀)မိုင်၊ ကူကီး-ဂျီလာ-သာယာလမ်း (၁၀)မိုင်၊ မိုဒွန်ရွာမ-ဝမ်းဘဲရွာဟောင်း လမ်း (၁၀)မိုင်နှင့် မသော်ရီ-ရော်ပါးမီ-ရောဟော်လမ်း (၁၀)မိုင်၊ (၁၈)ပေအား မြေသားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

လေရှီး-ဂျီလာ-သာယာလမ်း ၁၀ မိုင်၊ ကူကီး-ဂျီလာ-သာယာလမ်း ၁၀ မိုင်၊ မိုဒွန်ရွာမ-ဝမ်းဘဲရွာဟောင်းလမ်း ၁၀ မိုင်၊ မသော်ရီ-ရော်ပါးမီ-ရောဟော်လမ်း ၁၀ မိုင်၊ ၁၈ ပေမြေသားလမ်းအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် မှာ ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းဖြစ်သော်လည်း ၂၀၁၈-၁၉ ဘတ်ဂျက် လျာထားချက်များကို သိထားပြီးဖြစ်သည့်အတွက် မေးမြန်းမှုပုံစံ အနည်းငယ်ပြောင်းလဲမှု ရှိမည်ဖြစ်ပါကြောင်း၊

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လေရှီး-ဂျီလာ-သာယာလမ်း၊ ကူကီး-ဂျီလာ-သာယာလမ်း၊ မိုဒွန်ရွာမ-ဝမ်းဘဲရွာဟောင်းလမ်းများသည် တစ်ရွာနှင့် တစ်ရွာ အဆက်အစပ်မမိသေးသည့် လမ်းပိုင်းဖြစ်သဖြင့် ဘဏ္ဍာနှစ်တိုင်းတွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း၊ အလားတူ မသော်ရီ-ရော်ပါးမီ-ရောဟော်လမ်းသည်လည်း လဟယ်နှင့် လေရှီးမြို့နယ်ချင်းဆက်လမ်းပေါ်တွင် ရှိသော ကြောင့် အလျင်အမြန်‌ဖောက်လုပ်ရန် လိုအပ်နေပါကြောင်း၊ ထိုလမ်းများကို ဘဏ္ဍာရေးနှစ်တစ်ခုတည်း တွင် အပြီးပြတ်ဖောက်လုပ်ပေးရန် အခက်အခဲရှိမည်ဖြစ်သော်လည်း ပြည်သူများ၏ လိုအပ်ချက်၊ အခက်အခဲများကို ထောက်ရှုပြီး ဘဏ္ဍာရေးနှစ်တစ်ခုတွင် အနည်းဆုံး ၁၀ မိုင်စီ ဖောက်လုပ်ပေးရန် သက်ဆိုင်ရာဌာန၏ စီမံကိန်းရေးဆွဲစဉ်ကတည်းက မိမိတို့ညှိနှိုင်းပြီး ထည့်သွင်းတင်ပြထားခဲ့ပြီး ဖြစ်ပါ ကြောင်း၊ သို့သော် ၂၀၁၈-၁၉ ဘတ်ဂျက်လျာထားချက်တွင် မြို့နယ်ချင်းဆက်လမ်းအတွက် ၅ မိုင်သာ ထည့်သွင်းထားပါကြောင်း၊

ယခုနှစ်အတွက် လုပ်ငန်းလျာထားချက်များသည် မြို့နယ်အတွင်း ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး လျာထားခဲ့သည့် လုပ်ငန်းများနှင့် ကွဲလွဲမှုရှိနေပါကြောင်း၊ ယခင်က စာရင်းဟောင်းများကိုသာ အခြေခံပြီး လျာထားခဲ့ပါကြောင်း၊ လိုအပ်ချက်နှင့် လုပ်ငန်းတည်နေရာ ပြောင်းလဲမှုရှိနေသောကြောင့် စာရင်းဇယားများသည် Update မဖြစ်ဟု ထင်ပါကြောင်း၊ ဂျီလာမှ ကူကီး လမ်းပိုင်းသည် ဆက်ဖောက် ရမည့်လမ်းပိုင်း ဖြစ်ပါကြောင်း၊ ထိုလမ်းပိုင်းသည် မိန်းလမ်းပေါ်သို့ (ပ.ဆ.င လမ်း) ဆက်မိမှသာ အကျိုးရှိမည်ဖြစ်ပါကြောင်း၊ ရန်နွေး-မိုဒွန်ရွာမ-ဝမ်းဘဲရွာဟောင်းလမ်းပိုင်းသည် ဆက်ပြီး ဖောက်လုပ်ရန် ကျန်ရှိသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ ထို့နောက် မသော်ရီ-ရော်ပါးမီ-ရောဟော်-ဝမ်းဘဲရွာဟောင်းကို ဆက်မည့်လမ်းပိုင်းမှာ လေရှီးမှ ပိန္နဲကုန်း-အမိမီ-မသော်ရီသို့ ဆုံမည်ဖြစ်ပါကြောင်း၊ ထိုမြို့နယ်ချင်း ဆက်လမ်းပေါ်တွင် ရှိနေသည့်အတွက် ထိုလမ်းပိုင်းသည် အလျင်အမြန်ဖောက်လုပ်မှသာ အဆင်ပြေ မည်ဖြစ်ပါကြောင်း၊ ထန်းပါခွေမြို့နယ်ကို ဆက်သွယ်သည့် လမ်းပိုင်းသည် ဝမ်းဘဲရွာဟောင်းတွင် ဆုံပါကြောင်း၊ ဘတ်ဂျက်လည်း အတည်ပြုပြီးဖြစသည့်အတွက် မိမိတင်ပြမေးမြန်းသည့်လမ်းပိုင်းများကို မည်သည့်အချိန်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။