(ခ)-လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ရုံးနှင့် ဝန်ထမ်းများနေအိမ်သည် ပျက်စီးလျက်ရှိပြီး အန္တရာယ်ဆောင် ဖြစ်နေပါသဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် အသစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပူတာအိုမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ရုံးနှင့် ဝန်ထမ်းများ နေအိမ်သည် နှစ်ပေါင်းများစွာ ကြာမြင့်လာသောကြောင့် သစ်တိုင်များ၊ ပျဉ်များဆွေးကာ အဆောက်အဦများ ပျက်စီးလျက်ရှိပြီး အန္တရာယ်ဆောင်ဖြစ်နေပါသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အသစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကချင်ပြည်နယ်တွင် ခရိုင်လေးခရိုင်ရှိသည့်အနက် ပူတာအိုခရိုင်သည် မြန်မာနိုင်ငံ၏ မြောက်ဘက် ဆုံးတွင် တည်ရှိသောခရိုင် တစ်ခုဖြစ်ပါကြောင်း၊ မိမိမဲဆန္ဒနယ်ဖြစ်သော ပူတာအိုမြို့နယ်တွင် အိမ်ခြေ ၁၀၇၉၁ အိမ်ရှိပြီး လူဦးရေ ၆၀၂၃၃ ဦးကျော် ရှိသည့် မြို့ဖြစ်ပါကြောင်း၊ ခရီးသွားဧည့်သည် များပြားသော ပူတာအိုမြို့နယ်အတွင်းရှိ အစိုးရဌာနရုံးများ၏ အဆောက်အဦများသည် အချိန်ကာလ တစ်ခုမက ကျော်လွန်နေပြီး ဆွေးမြည့်ပျက်စီးနေသော အဆောက်အဦများ ဖြစ်နေသဖြင့် မြို့နယ်အင်္ဂါရပ်နှင့်လည်း လုံးဝတူညီမှုမရှိသည်ကို တွေ့ရှိရသောကြောင့် ပြန်လည်တည်ဆောက် ပေးရန်လိုအပ်နေလျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊
ပူတာအိုမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ မြို့နယ်ရုံးနှင့် ဝန်ထမ်းနေအိမ်များသည် ၁၉၅၄ ခုနှစ်တွင် ဒေသထွက်သစ်ပွများဖြင့် တည်ဆောက်ထားသော သစ်တိုင်၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုးတစ်ထပ်အဖြစ် တည်ဆောက်ထားသော ရုံးဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နှစ်အားဖြင့် ၆၄ နှစ်ကြာလာသောကြောင့် အဆောက်အအုံများသည် ဆွေးပြီးပျက်စီးပြီး အန္တရာယ်ရှိသောရုံးနှင့် ဝန်ထမ်းအိမ်များ ဖြစ်သောကြောင့် အသစ်တည်ဆောက် ပေးရန်အမြန်ဆုံး လိုအပ်လျက်ရှိသည်ကို မိမိအနေဖြင့် တွေ့ရှိရပါကြောင်း၊
၁၄-၉-၂၀၁၆ ရက်နေ့တွင် လွှတ်တော်သို့ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းရာတွင် ဝန်ကြီး၏ ဖြေကြားချက်မှာ ပူတာအိုမြို့နယ် ဦးစီးမှူးရုံးရှေ့ ဟောင်းနွမ်းပျက်စီးနေသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအတွက် အလျား ၇၀ ပေ၊ အနံ ၄၆ ပေ၊ အမြင့် ၁၂ ပေ သွပ်မိုးအာစီ ကွန်ကရစ်ရုံး အဆောက်အဦး တစ်လုံးအတွက် ငွေကျပ် ၉၆.၆၀ သန်း၊ အလျား ၇၂ ပေ၊ အနံ ၃၂ ပေ၊ အမြင့် ၁၂ ပေ သွပ်မိုးအာစီကွန်ကရစ်ခင်း ငါးခန်းတွဲ ဝန်ထမ်းအိမ်ရာ လေးလုံးအတွက် ငွေကျပ် ၂၇၆.၄၈ သန်း စုစုပေါင်း ငွေကျပ် ၃၇၃.၀၈ သန်းတို့အား ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် ထည့်သွင်းရေးဆွဲ ဖော်ပြထားပြီး ဖြစ်ပါကြောင်းဟု ဖြေကြားခဲ့သော်လည်း ယနေ့အထိ ဆောင်ရွက် ပေးနိုင်ခြင်းမရှိခဲ့သည့် အတွက်ကြောင့် မေးမြန်းရခြင်းဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပူတာအိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမြို့နယ်ရုံးနှင့် ဝန်ထမ်းနေအိမ်သည် နှစ်ပေါင်းများစွာ ကြာမြင့်လာသောကြောင့် သစ်တိုင်များ၊ ပျဉ်များဆွေးပြီး အဆောက်အဦများ ပျက်စီးလျက်ရှိပြီး အန္တရာယ်ဆောင်ဖြစ်နေသဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ ဒေသခံမိဘပြည်သူများ ကိုယ်စားသိရှိလိုပါကြောင်း မေးမြန်းပါသည်။