(ဆ)-သနပ်ပင်မြို့နယ်၊ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော ဆရာဆရာမများအား ဖြည့်ဆည်းခန့်ထားပေးရန်နှင့် ယင်းဆရာဆရာမများနေရာတွင် ဒေသခံဘွဲ့ရလူငယ်များအား ဦးစားပေးခန့်ထားရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
သနပ်ပင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၂၁ ကျောင်းနှင့် ကျောင်းသားဦးရေ ၃၄၅၄၀ ဦးရှိပါကြောင်း၊ ကျောင်းသားအချိုးအရ ဆရာဦးရေ ၁၄၃၀ ဦးရှိရမည်ဖြစ်သော်လည်း လက်ရှိဆရာဦးရေ ၁၀၂၈ ဦးသာရှိပါကြောင်း၊ ကျောင်းပေါင်း ၁၀၀ ကျော်တွင် ဆရာလိုအပ်ချက်မှာ ၄၀၂ ဦးထိရှိပါကြောင်း၊ အ.ထ.က(ခွဲ)ဉာဏ်ကျွန်းတွင် ကျောင်းသားဦးရေ ၉၃၂ ဦးရှိပြီး ဆရာဦးရေ ၃၃ ဦးရှိရမည်ဖြစ်သော်လည်း ၁၄ ဦးသာရှိပါကြောင်း၊ ဆရာဆရာမများလိုအပ်နေသည့် ကျောင်းပေါင်း ၄၀ ရှိပါကြောင်း၊ ထိုကျောင်းပေါင်း ၄၀ မှာ လေးဦးနှင့်အထက် လျော့နည်းသည့် ကျောင်းများကိုသာ Choice လုပ်ပြီး ဖော်ပြခြင်းဖြစ်ပြီး အမှန်တကယ် လိုအပ်နေသည့် ကျောင်းပေါင်းမှာ ၁၀၀ ကျော်ထိရှိပါကြောင်း၊ အ.မ.က(ခွဲ)တဲစုတွင် ကျောင်းသားဦးရေ ၈၆ ယောက်ရှိသော်လည်း ဆရာတစ်ယောက်မှ မရှိပါကြောင်း၊ ဆရာလိုအပ်ချက်များအားလုံးကို မိဘများမှ ငှားပြီး သင်နေရပါကြောင်း၊
အခြေခံပညာကျောင်းများတွင် ဆရာဆရာမ မလုံလောက်သည့်အပြင် ကျောင်းခန်းများလည်း ကြပ်တည်း ပြီး သင်ထောက်ကူပစ္စည်းများမှာလည်း အလွန်ချို့တဲ့သည့်အတွက် စာတတ်မြောက်မှု စာသင်ကြားရာတွင် အခက်အခဲအများကြီးရှိသောကြောင့် မိဘများ စိုးရိမ်နေကြပါကြောင်း၊ ယခုလို ဆရာဆရာမများ လိုအပ် သည့်နေရာများတွင် ဒေသခံလူငယ်များကို လိုအပ်သည့် သင်တန်းများပေးပြီး ခန့်ထားပေးမည်ဆိုလျှင် ဒေသရှိ အလုပ်လက်မဲ့ဖြစ်သည့် ဘွဲ့ရလူငယ်များအတွက်လည်း အလုပ်အကိုင်ရရှိမှာဖြစ်သလို ဒေသခံ မဟုတ်သည့် ဆရာဆရာမများကို ခန့်သည့်အခါ မကြာခဏ ပြောင်းရွှေ့ရသည့် အခက်အခဲနှင့် ဝန်ထမ်း ဆောင်မရှိသည့် အခက်အခဲများအတွက် အထိုက်အလျောက် အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သနပ်ပင်မြို့နယ် အခြေခံကျောင်းများတွင် လိုအပ်လျက်ရှိသော ဆရာဆရာမများအား ဖြည့်ဆည်းခန့်ထား ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ယင်းလိုအပ်လျက်ရှိသော ဆရာဆရာမများအတွက် ဒေသခံဘွဲ့ရလူငယ်များ အား ဦးစားပေးခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းခဲ့သည်၊