(ဆ)-ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သုံးခွနှင့် ခရမ်းမြို့နယ်များရှိ မုတ္တမပင်လယ်ကမ်းရိုးတန်း ကုန်းတက်မြေ ၂၇၇၃၈ ဧကအား ဒီရေတော၊ ကြိုးပြင်ကာကွယ်တောများအဖြစ် သတ်မှတ်ဖော်ဆောင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သုံးခွနှင့် ခရမ်းမြို့နယ်များတွင်ရှိသည့် ကပ္ပလီပင်လယ်ပြင်နှင့် ထိစပ်လျက်ရှိသော မုတ္တမကွေ့ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် လွန်ခဲ့သော ၁၅ နှစ်ခန့်ကစပြီး ကုန်းတက်မြေများ ပေါ်ထွန်းလာရာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ဒီရေတောများ သဘာဝအလျောက် ဖြစ်ထွန်းလျက်ရှိသည်မှာ ယခုဆိုလျှင် စုစုပေါင်းအကျယ်အဝန်း ၄၃.၃၄ စတုရန်းမိုင်၊ အလျား ၃၅.၆၉ မိုင်၊ အနံ ၁.၄၈၇ မိုင်၊ ဧကအားဖြင့် ၂၇၇၃၈ ဧက ရှိနေပြီ ဖြစ်ပါကြောင်း၊ ယခင်ကာလက ၎င်းကုန်းတက် မြေအချို့တွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် ငါး၊ ပုစွန်ကန်များ၊ လယ်ယာမြေများ ချထားပေးခဲ့ပါကြောင်း၊ ၎င်းငါး၊ ပုစွန်ကန်များကြောင့် ဒီရေတောများမဖြစ်ထွန်းနိုင်ဘဲ ဒေသခံများအတွက်လည်း ငါး၊ ပုစွန်များရှာဖွေရာ အကန့်အသတ်များ ရှိခဲ့ပါကြောင်း၊ ငါး၊ ပုစွန်ကန်များအဖြစ် ဆက်လက်၍တိုးချဲ့နိုင်ရေးလည်း ကြိုးပမ်းလျက် ရှိနေပါကြောင်း၊
၂၀၀၈ ခုနှစ် မြန်မာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်သည့် နာဂစ်မုန်တိုင်းကြီးကြောင့် မြန်မာနိုင်ငံသားများ သိန်းချီအသက်ဆုံးရှုံးခဲ့ရသည်ကို မမေ့နိုင်သေးပါကြောင်း၊ ထို့အတူ ဒီရေတောများကြောင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ကြရသည်ကိုလည်း သင်ခန်းစာယူကြရမည် ဖြစ်ပါကြောင်း၊ ဒီရေတောများ၏ တန်ဖိုးကိုလည်း လူတိုင်းက သိရှိပြီးဖြစ်သဖြင့် ရာသီဥတုပြောင်းလဲမှု လျော့ကျရေးနှင့် ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ် ထိခိုက်မှုလျော့နည်းသက်သာစေရေး၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ရေရှည်တည်တံ့စေရေး၊ ဒေသခံပြည်သူများ သား၊ ငါး၊ ပုစွန် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး၊ ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သုံးခွနှင့် ခရမ်းမြို့နယ်များတွင် ကုန်းတက်မြေ ၂၇၇၃၈ ဧကအား ဒီရေတောကြိုးပြင် ကာကွယ်တောများအဖြစ် အမြန်ဆုံး ဖွဲ့စည်းပေးနိုင်ပါရန်နှင့် ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။