(င)-မြစ်ရေပြင် အရောင်အဆင်းပြောင်းလဲမှုသည် အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်ရှိ မြစ်ရေပြင်များအထိ ပျံ့နှံ့ရောက်ရှိနေသဖြင့် ရေပြင်ညစ်ညမ်းမှုသည် မည်သည့် အကြောင်းအရင်းကြောင့် ဖြစ်ပေါ်ရသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ထူးခြားမြစ်ရေပြင် အရောင်အဆင်းပြောင်းလဲမှုဖြစ်စဉ်သည် ယခုအခါ အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်ရှိ မြစ်ရေပြင်များအထိပါ ပျံ့နှံ့ရောက်ရှိနေသည်ဖြစ်ရာ ထိုရေပြင်ညစ်ညမ်းမှုသည် မည်သည့် အကြောင်းအရင်းကြောင့် ဖြစ်ပေါ်ရသည်၊ လူသားများနှင့်ရေနေသတ္တဝါများအပေါ် မည်ကဲ့သို့ ဆိုးကျိုးများ ကျရောက်နိုင်သည်ကို စိစစ်ဖော်ထုတ်ပေးနိုင်မည်လား၊ ရေပြင်ညစ်ညမ်းမှုကြောင့် ဆုံးရှုံးနစ်နာခဲ့သော ဒေသခံများအား မည်ကဲ့သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ယခုနှစ် ဇူလိုင်လအတွင်းက ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းဒေသ၊ သံစစ်မြစ်ရေပြင်တွင် နှစ်မိုင်ဝန်းကျင်ခန့်ရှိသော ထူးခြားမြစ်ရေ အရောင်အဆင်းပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ အဆိုပါရေပြင်သည် နောက်ပိုင်းတွင် အမ်းမြို့နယ်၊ မြေပုံမြို့နယ်များအထိ ရောက်ရှိခဲ့ပါကြောင်း၊ ထူးခြားသည့်ရေအရောင်သည် သံချေးရေနှင့်တူပြီး ပုလင်းခွံထဲထည့်ပြီး ညအိပ်ထားလိုက်ပါက ရေနံချေး၊ သံချေးရေကဲ့သို့ အရောင်အဆင်းပြောင်းလဲမှုများ၊ အမှုန်အမွှားများ ပုလင်းအောက်ခြေတွင် ကပ်ငြိကျိချွဲနေသည့်အတွက် ရန်ကုန်မြို့ဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးခဲ့ကြပြီး ဓာတ်ခွဲခန်း အဖြေကိုလည်း မိမိထံပေးပို့ခဲ့ကြပါကြောင်း၊ မဒေးကျွန်းဒေသတွင် တရုတ်ပိုင် ရေနံတင်ဆိပ်ကမ်း၊ ရေနံသိုလှောင်ရုံများ ရှိပါကြောင်း၊ အခင်းဖြစ်စဉ်က ဒေသခံများသတင်းပို့ချက်အရ အဆိုပါဒေသတွင် ခါတိုင်းကဲ့သို့ ငါး၊ ပုစွန်ဖမ်းဆီးရမိမှုမရှိတော့ပါကြောင်း၊ မြစ်ရေသည် ငါးသတ္တဝါများအတွက် အန္တရာယ်တစ်စုံတစ်ရာရှိသည့်အတွက် အခြားနေရာကို တိမ်းရှောင်သွားသောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ထိခိုက်ပါကြောင်း၊ ဓာတ်ခွဲခန်းများကို ပေးပို့စစ်ဆေးခဲ့တဲ့အဖြေတွေအရ ပညာရှင်များက မဒေးကျွန်း၊ သံစစ်မြစ်ရေပြင်တွင် ဓာတုပစ္စည်းများပါဝင်မှုများနေသည့်အတွက် အောက်စီဂျင် ပမာဏလျော့ကျနေပါကြောင်း၊ အဆိုပါရေပြင်မျိုးတွင် ရေနေသတ္တဝါများ ရှင်သန် နေထိုင်ရန် ခက်ခဲမှုများရှိနိုင်သည်ဟု ဖော်ပြထားပါကြောင်း၊ ထို့အပြင် မြစ်ရေပြင်၏ Surface Water တွင် COD, BOD နှင့် Phenol တို့သည် သာမန်ထက်ကျော်လွန်နေကြောင်း သုံးသပ်မှုများရှိပါကြောင်း၊ ဓာတ်ခွဲစမ်းသပ်ချက်များနှင့် အကြံပြုချက်မှတ်တမ်းများကို မိမိမေးခွန်းမေးစဉ်တုန်းက အပြည့်အစုံ တင်ပြထားပြီးဖြစ်ပါကြောင်း၊ ဒေသခံများအပါအဝင် အများပြည်သူစိုးရိမ်တကြီးသိရှိလိုကြသော ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း၊ တရုတ် ကုမ္ပဏီပိုင် ရေနံတင်၊ ရေနက် ဆိပ်ကမ်းနှင့် ရေနံလှောင်ကန်အနီးရှိ သံစစ်မြေရေပြင်၌ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနောက်ဆုံးအပတ်က စတင် တွေ့မြင်ခဲ့ရသည့် ထူးခြားမြစ်ရေပြင်အရောင်အဆင်း ပြောင်းလဲမှုဖြစ်စဉ်သည် ယခုအခါ အမ်းမြို့နယ် နှင့်မြေပုံမြို့နယ် မြစ်ရေပြင်များအထိ ပျံ့နှံ့ရောက်ရှိနေသည်ဖြစ်ရာ ထိုမြစ်ရေညစ်ညမ်းမှုများသည် မည်သည့်အကြောင်းရင်းများကြောင့် ဖြစ်ပေါ်ရသည်ကို စိစစ်ဖော်ထုတ် ပေးပါမည်လား၊ (ခ) ဖော်ပြပါမြစ်ရေပြင်ညစ်ညမ်းမှုကြောင့် လူသားများနှင့်ရေနေသတ္တဝါများအပေါ် မည်ကဲ့သို့ဆိုးကျိုးများ ကျရောက်နိုင်သည်ကို စိစစ်ဖော်ထုတ်ပေးပါမည်လား၊ (ဂ) အဆိုပါမြစ်ရေပြင် ညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သက်ဆိုင်ရာဒေသခံများတွင် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့ရာ ထိုသူတို့ကို မည်ကဲ့သို့ ကူညီဆောင်ရွက်မှုများပြုလုပ်ပေးပါမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။