(ဃ)-ဝမ်ဖွီးသစ်တောကြိုးဝိုင်းနှင့် လွိုင်တောင်းသစ်တောကြိုးဝိုင်းအတွင်း ကျရောက်နေသော ရွာမြေ၊ သာသနာ့မြေ၊ ယာမြေ၊ လယ်မြေများကို ဒေသခံတောင်သူလယ်သမားများလက်ဝယ်သို့ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ဝမ်ဖွီးသစ်တောကြိုးဝိုင်းနှင့် လွိုင်တောင်းသစ်တောကြိုးဝိုင်း နယ်နိမိတ်ဧရိယာအတွင်း ကျရောက် နေသော ရွာမြေ၊ သာသနာ့မြေ၊ ယာမြေ၊ လယ်မြေများကို မူလကတည်းက စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည့် ဒေသခံတောင်သူလယ်သမားများလက်ဝယ်သို့ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ကျေးသီးမြို့နယ်ရှိ ဝမ်ဖွီး သစ်တောကြိုးဝိုင်းနှင့် လွိုင်တောင်းသစ်တောကြိုးဝိုင်းအတွင်းပါရှိသွားသော ဒေသခံတောင်သူများ၏ ကျေးရွာများ၊  သာသနာမြေများ၊ ယာမြေများ၊ လယ်မြေများ၊ သုသာန်မြေများကို ဒေသခံတောင်သူ လယ်သမားများလက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်ထားမှု အခြေ အနေကို သိရှိလိုပါကြောင်း၊ အဆိုပါသစ်တောကြိုးဝိုင်းသည် ကျေးသီး မြို့မြေနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိနေပါကြောင်း၊ အဆိုပါ သစ်တောကြိုးဝိုင်းမသတ်မှတ်မီကပင် ဒေသခံတောင်သူများသည် နှစ်ပေါင်းရာချီနေထိုင်လျက်ရှိပြီး ၎င်းဧရိယာအတွင်း၌ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေကြရပါသည်။ ကြိုးဝိုင်းအဖြစ်မသတ်မှတ်မီကပင် စိုက်ပျိုးမြေဧရိယာအတွင်း ရာသီအလိုက် သီးနှံပင်များ စိုက်ပျိုး လာခဲ့သည့်အတွက် သစ်တောသစ်ပင်များပေါက်ရောက်နေခြင်း မရှိပါကြောင်း၊ စိုက်ပျိုးမြေအပြင် ကျေးရွာများသည်လည်း နှစ်ပေါင်းများစွာကတည်းက နေထိုင်ခဲ့ကြသည့်အပြင် သမိုင်းဝင်ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာမြေများ၊ သုသာန်များသည်လည်း ရှေးယခင်ကာလမှ ယနေ့အထိ အသုံးပြုနေ သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၀၂ ခုနှစ်တွင် သစ်တောဦးစီးဌာနမှ သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ်စဉ်ကာလ၌လည်း နယ်မြေလုံခြုံရေးအခြေအနေအရနှင့် ဝန်ထမ်းအင်အား မလုံလောက်ခြင်း တို့ကြောင့် ဦးစီးဌာနအနေဖြင့် မြေပြင်သို့ ကွင်းဆင်း စစ်ဆေးခြင်းမရှိဘဲ ရုံးပေါ်၌သာ မြေပုံကြမ်းရေးဆွဲကာ အတည်ပြုခဲ့ခြင်းကြောင်းကို သိရှိရပါကြောင်း၊ ပြည်သူများသို့ မည်သည်မျှအသိပေးဆောင်ရွက်ခြင်းမရှိဘဲ း သစ်တော ကြိုးဝိုင်းအဖြစ် သတ်မှတ်ခြင်းကြောင့် နောက်ဆက်တွဲကြုံရမည့် အကျိုးအပြစ်များလည်း နားလည်မှု မရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ ယနေ့အချိန်အခါတွင် လူဦးရေတိုးတက်များပြားလာခြင်း၊ နယ်မြေအခြေအနေ တည်ငြိမ် အေးချမ်းလာခြင်းတို့ကြောင့် ဒေသခံပြည်သူများသည် မိမိတို့နေထိုင်သည့်ရပ်ကွက်နှင့် ကျေးရွာနှင့် နီးကပ်လျက်ရှိသည့်မြေနေရာများတွင် ဘိုးဘွားဘီဘင်လက်ထက်ကတည်းက စိုက်ပျိုးလုပ်ကိုင် စားသောက်နေကြသော်လည်း ယနေ့အချိန်အခါတွင် ၎င်းတို့၏ လယ်ယာမြေလုပ်ပိုင်ခွင့် အခွင့်အရေးများ၊ မြေယာပိုင်ဆိုင်ခွင့်အခွင့်အရေးများ ဆုံးရှုံးလျက်ရှိနေပါကြောင်း၊

 သို့ဖြစ်ပါ၍ ကျေးသီးမြို့နယ်အတွင်းရှိ ဝမ်ဖွီးသစ်တောကြိုးဝိုင်းနှင့် လွိုင်တောင်းသစ်တော ကြိုးဝိုင်း နယ်နိမိတ်ဧရိယာအတွင်းရောက်ရှိသော ရွာမြေ၊ သာသနာမြေ၊ ယာမြေ၊ လယ်မြေများကို မူလကတည်းက စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည့် ဒေသခံတောင်သူလယ်သမားများလက်ဝယ်သို့ ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။