(ဂ)-ပုသိမ်ကြီးမြို့နယ်၊ မင်းဂံကျေးရွာအုပ်စု၊ တောစုကျေးရွာ သဘာဝစိမ့်စမ်းရေထိန်းတောအား နိုင်ငံတော်မှ နယ်နိမိတ်ဧရိယာသတ်မှတ်၍ ကျေးရွာပိုင်ရေထိန်းတောအဖြစ် ထိန်းသိမ်းကာကွယ်စောင်‌့ရှောက် ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ပုသိမ်ကြီးမြို့နယ်၊ မင်းဂံကျေးရွာအုပ်စု၊ တောစုကျေးရွာသည် အိမ်ခြေ ၂၁၀၊ လူဦးရေ ၁၀၀၀ နီးပါးရှိပြီး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသော ကျေးရွာဖြစ်ပါကြောင်း၊ ရေတွင်း၊ ရေကန်တူးဖော်ရန် အလွန်ခက်ခဲသောကျေးရွာတစ်ရွာဖြစ်ပြီး ကျေးရွာအနီးရှိ တောင်ပေါ်မှထွက်ရှိ သော သဘာဝစိမ့်စမ်းရေတွင်းမှရေကိုသာ အဓိကထားပြီး အသုံးပြုနေရပါကြောင်း၊ ကျေးရွာရေရှည် တည်တံ့နိုင်ရန်နှင်‌့ သောက်သုံးရေ လုံလောက်စွာရရှိစေရန် သဘာဝစိမ့်စမ်းရေတွင်းဧရိယာအား တောင်ယာခုတ်ခြင်း၊ သစ်၊ ဝါးခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်းမပြုရန် ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် စတင်တားမြစ်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် အဆိုပါသဘာဝ စိမ့်စမ်းရေထိန်းတောအား ကျေးရွာကော်မတီဖွဲ့စည်းပြီး အစဉ်အဆက်ကာကွယ်စောင်‌့ရှောက် ခဲ့ကြပါကြောင်း၊ မြို့နယ်ဌာနဆိုင်ရာများနှင်‌့ ရေထိန်းတောကော်မတီဝင်များ ကွင်းဆင်း လေ့လာချက်များအရ တောစုကျေးရွာအနီးရှိ ရေထိန်းတောဧရိယာသည် မြေမျက်နှာပြင် အနေအထားမှာ တောင်ကုန်း၊ တောင်တန်းများသာဖြစ်ပြီး မြေပြန့်များမရှိခြင်း၊ ပိတောက်၊ ပျဉ်းကတိုးနှင်‌့ အခြားသစ်မာပင်ကြီးများ အစုလိုက်ပေါက်ရောက်ခြင်း၊ အောက်ခံမြေဆီလွှာမှာ ကျောက်သားများသာဖြစ်သဖြင်‌့ အခြားမြေအသုံးချမှုပြောင်းလဲရန် မသင်‌့တော်ဘဲ သဘာဝ ရေထိန်းတောအဖြစ် ၁၂၈၅ ဧကခန့်ကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်နေကြောင်း ကျေးရွာသူ ကျေးရွာသားများ၏ တင်ပြချက်နှင်‌့ ဌာနဆိုင်ရာမှတ်တမ်းများအရ သိရှိရပါကြောင်း၊

ယခုအခါ တောစုကျေးရွာတစ်ခုလုံး အသက်သွေးကြောသဖွယ် အဓိက မှီခိုအားထားနေရသော သဘာဝရေထိန်းတောဧရိယာအတွင်း သစ်ပင်များခုတ်လှဲခြင်း၊ စိုက်ပျိုးမြေများတိုးချဲ့ခြင်း၊ မြေလွတ်၊ မြေရိုင်းလျှောက်ထားမှုကို ကျေးရွာမှအကြိမ်ကြိမ်ကန့်ကွက် တားမြစ်နေရခြင်း၊ ရေထိန်းတောအတွင်း ကျူးကျော်အဆောက်အဦ ဆောက်လုပ်ခြင်းနှင်‌့ သစ်ပင်ခုတ်လှဲဖျက်ဆီးသူများကို သွားရောက် တားမြစ်သော ကျေးရွာသူကျေးရွာသားများနှင်‌့ ရေထိန်းတောကော်မတီအဖွဲ့ဝင်များကိုပါ အသက် အန္တရာယ်ခြိမ်းခြောက်သည်အထိ ရှိနေပါကြောင်း၊ ရေထိန်းတောဧရိယာပျောက်ကွယ်ပြီး စိမ့်စမ်းရေ များခန်းခြောက်သွားမည့်အရေးကိုလည်း ကျေးရွာသူ ကျေးရွာသားများမှ များစွာပူပန်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ သောက်သုံးရေတွင်း၊ ရေကန်တူးဖော်ရန်ခက်ခဲပြီး သဘာဝစိမ့်စမ်းရေကိုသာ အဓိကမှီခိုသုံးစွဲနေရသော တောစုကျေးရွာ စိမ့်စမ်းရေတောအား နိုင်ငံတော်မှ နယ်နိမိတ်ဧရိယာ သတ်မှတ်ပြီး ကျေးရွာပိုင်ရေထိန်းတောအဖြစ် ထိန်းသိမ်းကာကွယ် စောင်‌့ရှောက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။