(င)-ရန်ကုန်မြို့အဝင်လမ်းမကြီးများအား လမ်းအဆင့်မြှင့်တင်ရန်၊ လမ်းမီးများထွန်းရန်၊ မြေယာရှုခင်း (Landscape)များ ပြုလုပ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး နိုင်ငံ၏ အကြီးဆုံးမြို့၊ လူဦးရေအများဆုံးမြို့ ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဓိကဝင်ပေါက်ဖြစ်ပြီး ကုန်သွယ်ရာ ပင်လယ်ဆိပ်ကမ်းမြို့ကြီးလည်း ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ အဝင်လမ်းမကြီးသည် ဆိုးရွားနေပြီး မြို့တော်အင်္ဂါရပ်နှင့် မကိုက်ညီတော့သဖြင့် အဆင့်မြှင့်တင်ရန်လိုအပ်နေပါကြောင်း၊ မြို့အဝင်လမ်းမီးများသည်လည်း လုံလောက်မှုမရှိသဖြင့် မှောင်နေ သောကြောင့် ကားများကို မီးကြီးများဖွင့်ပြီး  ခက်ခက်ခဲခဲမောင်းနှင်ရပါကြောင်း၊ အမှတ် (၁) လမ်းမကြီး တချို့နေရာများတွင် လမ်မီးများမရှိပါကြောင်း၊ ရှိသည့်နေရာတွင်လည်း လမ်းတစ်ဖက်သာရှိပါကြောင်း၊ အမှတ် (၃) လမ်းတွင်လည်း ရန်ကုန်-မန္တလေးလမ်းနှင့် အမှတ်(၃)လမ်းဆုံမှ ခရေပင်လမ်းအထိ လမ်းမီးမရှိ ပါကြောင်း၊ အမှတ်(၂)လမ်း၊ အမှတ်(၄)လမ်းမကြီး၊ အမှတ်(၅)လမ်းမကြီးတွင်လည်း လမ်းမီးများမရှိသကဲ့သို့ ဖြစ်သည့်အပြင် လမ်းအဆင့်အတန်းလည်း နိမ့်ကျပါကြောင်း၊ Road Furniture များလည်း ပြည့်စုံအောင် မရှိပါကြောင်း၊  တချို့နေရာများတွင် လမ်းလယ်မျဉ်း ရေးဆွဲထားခြင်း မရှိပါကြောင်း၊ နိုင်ငံတကာမြို့ကြီးများနှင့် ပြည်တွင်းမြို့ကြီးများတွင် မြို့ဝင်လမ်းများကို သစ်ပင်ပန်းမန်များ၊ မြေယာရှုခင်းများနှင့် သာယာလှပအောင် ဆောင်ရွက်ထားပါကြောင်း၊ မြို့ထဲဝင်သည်နှင့် မီးများလင်းထိန်နေပါကြောင်း၊ ရန်ကုန်မြို့အဝင်လမ်းမကြီးသည် ကျူးကျော်တဲများ၊ ကိုယ့်သဘောနှင့်ကိုယ် ဆောက်ထားသည့် ဈေးဆိုင် တန်းများ၊ အမှိုက်ပုံများ၊ ချုံနွယ် ပိတ်ပေါင်းများနှင့် ဖြစ်နေပါကြောင်း၊ ညဘက်ဆိုတွင်လည်း မှောင်မဲနေပြီး လမ်းသည် မညီမညာဘဲ ကျင်းများ၊ ချိုင့်များနှင့် ဖြစ်နေပါကြောင်း၊ ထို့ကြောင့် မြို့တော်အင်္ဂါရပ်နှင့်အညီ ရန်ကုန်မြို့ အဝင်လမ်းမကြီးများကို လမ်းအဆင့် မြှင့်တင်ပေးရန်၊ လမ်းမီးများထွန်းပေးရန်၊ မြေယာရှုခင်းများ (Landscape) များပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းခဲ့သည်။