(ခ)-ခေါင်လန်ဖူး-ညီတားဒီလမ်း (၅၅) မိုင်ပေါ်တွင်တည်ရှိသည့် ချီလာဝါဒီနှင့် အဘွန်ထန်ကြားရှိ ပျက်စီး နေသည့် လမ်း၊ တံတားများအား ဖောက်လုပ်ပြုပြင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံ၏မြောက်ဘက် အကျဆုံးတွင်တည်ရှိပြီး ပင်လယ်ပြင် မျက်နှာပြင်အထက် အမြင့်ပေ ၄၆၈၀ တွင်တည်ရှိကာ ဧရိယာစတုရန်းမိုင်ပေါင်း ၂၀၈၀.၃၉ ကျယ်ဝန်းပြီး လူဦးရေပေါင်း ၁၅၀၀၀ ကျော်နေထိုင်သည့် မြို့နယ်ဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍများတွင် များစွာနောက်ကျနေသည့် မြို့နယ်လည်း ဖြစ်ပါကြောင်း၊ ခေါင်လန်ဖူးမြို့နယ်တွင် အဓိကလမ်းမကြီးအနေဖြင့် ခေါင်လန်ဖူး-မကွေဇ-ပူတာအိုလမ်း ၁၃၀ ကျော်နှင့် ခေါင်လန်ဖူး-ညီတားဒီလမ်း ၅၅ မိုင်တို့ဖြစ်ပါကြောင်း၊ ထိုလမ်းနှစ်လမ်းအနက် ခေါင်လန်ဖူး-ညီတားဒီလမ်း ၅၅ မိုင်သည် ဌာနဆိုင်ရာနှင့်ပြည်သူလူထုများ၊ ကျောင်းသားလူငယ်များ သွားလာအသုံးပြုမှု အများဆုံးဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်ကတည်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တံတားများကျိုးကျ ပျက်စီးခြင်း၊ လမ်းများမြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ရပြီး နှစ်စဉ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ယူပြုပြင် ထိန်းသိမ်းလာခဲ့သော်လည်း ယခုအခါ ပြုပြင်မှုအားနည်းလာသဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူများ သွားလာရခက်ခဲလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် ယမန်နှစ်က ချီလာဝါဒီနှင့် အဘွန်ထန်ကြား ပျက်စီးနေသည့်လမ်းနှင့်တံတားများ ပြုပြင်ဖောက်လုပ်ရန် ဘတ်ဂျက်ရရှိပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအတွက် နေရာသတ်မှတ်တိုင်းတာပြီးမှ အကြောင်းအမျိုးမျိုးပြ၍ အခြားတစ်နေရာသို့ ပြောင်းရွှေ့ခဲ့ရပါကြောင်း၊
အဆိုပါလမ်းများကိုကြည့်ပါက ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ အဆင်ပြေစွာသွားလာနိုင် စေရန်အတွက် လမ်းနှင့်တံတားများပြုပြင်ဖောက်လုပ် ဆောင်ရွက်ပေးရန်များစွာ ကျန်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထုများ အများဆုံးအသုံးပြုနေသည့် ခေါင်လန်ဖူး-ညီတားဒီလမ်း ၅၅ မိုင်ပေါ်တွင်တည်ရှိသည့် ချီလာဝါဒီနှင့် အဘွန်ထန်ကြားသွားလာရေး လွယ်ကူစေရန်အတွက် ပျက်စီးနေသည့် လမ်း၊ တံတားများအား အမြန်ဆုံးဖောက်လုပ်ပြုပြင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။