(ဂ)-ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင်‌့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်မှ ဘဏ္ဍာရေးနှစ်အဆက်ဆက် ကြွေးပေးသွင်းရန်ကျန်ရှိသော ငွေ (၂၈၈၀.၅၀၀) သန်းအား ယနေ့အထိမည်မျှ ပေးသွင်းပြီး ဖြစ်ကြောင်းသိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင်‌့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်မှ  ဘဏ္ဍာရေးနှစ် အဆက်ဆက် ကြွေးပေးသွင်းရန်ကျန်ရှိသော ငွေ(၂၈၈၀.၅၀၀)သန်းအား ယနေ့အထိမည်မျှ ပေးသွင်းပြီး ဖြစ်ကြောင်းနှင်‌့ မည်သို့အရေးယူဆောင်ရွက်‌နေသည်ကိုသိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်မှ ဘဏ္ဍာရေးနှစ်အဆက်ဆက် ကြွေးကျန်ပေးသွင်းရန် ကျန်ရှိသောငွေကျပ် ၂၈၈၀.၅ သန်းသည်  နိုင်ငံတော်ပိုင် အဆောက်အဦများ ရောင်းချရေးကော်မတီ ကြီးကြပ်မှုဖြင်‌့ ရောင်းချသောမြေကွက်နှစ်ကွက်၏ ကြွေးကျန်ငွေဖြစ်ပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ‌မြေတိုင်းရပ်ကွက်အမှတ် (၂၉) C/၁ မြေကွက်အမှတ် (၇) A ဧရိယာ ဝ.၁၀၄ ဧကရှိမြေနေရာအား ၂၀၁၁ ခုနှစ်တွင် ဦးစောသိန်းအပါဝင် သုံးဦးမှ ကျပ် ၅၁၅ သန်းဖြင့် လေလံအောင်မြင်ခဲ့ပြီး တန်ဖိုးငွေ၏ ၃၀ ရာခိုင်နှုန်းဖြစ်သော ကျပ် ၁၅၄ သန်းအား ပေးသွင်းပြီး ၇၀ ရာခိုင်နှုန်း ကျပ် ၃၆၀.၅ သန်းပေးသွင်းရန် ကျန်ရှိနေကြောင်း၊

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် (၂) ရပ်ကွက် ရွှေတောင်ကြားလမ်း အမှတ် (၁၉) ဧရိယာ ဝ.၄၃၄ ဧကရှိမြေကွက်အား နိုင်ငံတော်ပိုင် သိမ်းဆည်းထားသော ပစ္စည်းများ၊ အိမ်ရာစီမံကိန်းများရှိ အဆောက်အဦများနှင်‌့ မြေယာကွက်များ စီမံခန့်ခွဲရေးကော်မတီမှ ၂၀၁၁ ခုနှစ်တွင် လေလံတင်ရောင်းချခဲ့ရာ ဦးအောင်သက်မန်းမှ တန်ဖိုးငွေ ကျပ် ၃၆၀၀ သန်းဖြင်‌့ ဝယ်ယူခွင်‌့ရရှိခဲ့ပြီး မြေကွက်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ကျပ် ၁၀၈၀ သန်းအား နိုင်ငံတော်သို့ ပေးသွင်းခဲ့ပြီး မြေကွက်တန်ဖိုး၏ ၇၀ ရာခိုင်နှုန်း ကျပ် ၂၅၂၀ သန်း ပေးသွင်းရန် ကျန်ရှိသဖြင်‌့ ဖော်ပြပါ မြေကွက်နှစ်ကွက်အတွက် စုစုပေါင်းပေးသွင်းရန် ငွေကျပ် ၂၈၈၀.၅ သန်းအား ယနေ့ထိ မည်မျှပေးသွင်းပြီးဖြစ်ကြောင်းနှင့် မည်သို့အရေးယူဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။