(ဂ)-မန်တုံမြို့နယ်၊ နမ့်ဟိုင်းကျေးရွာအုပ်စု၊ နမ့်ဟိုင်းကျေးရွာ(မိုင်းမော်ဒေသ)အား လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မန်တုံမြို့နယ်တွင် ကျေးရွာပေါင်း ၁၅၃ ရွာရှိပြီး အမှန်တကယ် လျှပ်စစ်မီးရရှိသည့် မြို့ပေါ်ရပ်ကွက် လေးခုသာ ရှိပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈)တွင် နိုင်ငံသူနိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို တိတိကျကျပြဋ္ဌာန်းထားသော်လည်း မြို့နယ် လျှပ်စစ်မီးရရှိမှု အခြေအနေကိုကြည့်ခြင်းအားဖြင့် တန်းတူညီမျှမှုမည်မျှရှိသည်ကို သိနိုင်ပါကြောင်း၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကစပြီး ယခုအချိန်အထိ လျှပ်စစ်မီးရရှိနိုင်ရေးနှင့် ပတ်သက်ပြီး ပြည်ပချေးငွေ များဖြင့် ဆောင်ရွက်သော လျှပ်စစ်မီးလင်းရေးစီမံချက်တွင်လည်း မိမိတို့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မပါရှိပါကြောင်း၊ သို့သော် လျှပ်စစ်မီးမရရှိသော တောင်ပေါ်ဒေသများက ချေးငွေများ ပေးဆပ်နေရပါကြောင်း၊ မြို့ပြကြီးများ လျှပ်စစ်မီးထိန်ထိန်လင်းရန် တောင်ပေါ်ဒေသ ကလူများက လက်ဖက်ခြံပေါက်ပြီး မီးလင်းအောင်လုပ်ပေးနေရသကဲ့သို့ ဖြစ်နေပါကြောင်း၊ ယခု လျှပ်စစ်မီးလင်းရေးအတွက် မိမိတင်ပြသွားသောကျေးရွာသည် နမ္မတူမြို့မှ တရုတ်ကိုသွယ်တန်း သွားသော Gas Pipe လိုင်း ဖြတ်သန်းသွားသည့်ရွာဖြစ်သကဲ့သို့ ရွှေလီဓာတ်အားလိုင်း ဖြတ်သန်းသွားသည့် ကျေးရွာလည်းဖြစ်ပါကြောင်း၊ ကျေးလက်ပြည်သူများ၏ မြေယာများ စွန့်လွှတ်လိုက်ရသော်လည်း ကျေးရွာအုပ်စုတစ်ခုလုံး မီးမရရှိသည့်အပြင် ဘဏ္ဍာခွဲဝေသည့်အခါ အိမ်ခြေ၊ လူဦးရေ၊ နယ်မြေအေးချမ်းမှုရှိ/မရှိတို့ကိုအခြေခံပြီး ခွဲဝေချထားနေသရွေ့ တန်းတူညီမျှမှု မည်သည့်အခါမျှ ရရှိလာမည် မဟုတ်ပါကြောင်း၊ မြို့နေလူတန်းစားသားသမီးများ လျှပ်စစ်မီးရောင် အောက်တွင် စာကျက်ရသကဲ့သို့ မိမိတို့ဒေသရှိ ဆင်းရဲသားကျေးလက်ပြည်သူများ၏ သားသမီးများ သည်လည်း မီးရောင်အောက်တွင်စာကျက်လိုကြသည့်အတွက် မန်တုံမြို့နယ်၊ နမ့်ဟိုင်းကျေးရွာအုပ်စု၊ နမ့်ဟိုင်းကျေးရွာ (မိုင်းမော်ဒေသ) အား လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။