(ဃ)-မာန်အောင်မြို့နယ်မြို့ပေါ် (၅) ရပ်ကွက်နှင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းထားပြီးသော ကျေးရွာ အုပ်စု (၁၂) အုပ်စုရှိ ကျေးရွာ (၅၇) ရွာအား လျှပ်စစ်မီးရရှိရေးအတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက် နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မာန်အောင်မြို့နယ်မြို့ပေါ် (၅) ရပ်ကွက်နှင့် လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းထားပြီးသော ကျေးရွာ အုပ်စု (၁၂) အုပ်စုရှိ ကျေးရွာ( ၅၇) ရွာအား လျှပ်စစ်မီးရရှိရေးအတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက် နေသည်ကို သိလိုခြင်းနှင့် တစ်မြို့နယ်လုံးရှိ ကျေးရွာများအား ၂၀၁၈-၂၀၁၉ ခုနှစ်များအတွင်း မီးပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်ထဲမှ မိမိတို့မာန်အောင်မြို့နယ်သည် ဝေးလံ ခေါင်သီ ဒေသရှားပါးစရိတ် ခံစားခွင့်ပြုထားသည့် မြို့နယ်တစ်ခုဖြစ်သဖြင့် ပိုမိုဆင်းရဲပါကြောင်း၊ မြို့ပေါ်ရပ်ကွက်ငါးခုနှင့် ကျေးရွာအုပ်စု ၃၆ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၃၇ ရွာရှိသည့် မြို့နယ်တစ်ခုဖြစ်သည့်အပြင် လူဦးရေအားဖြင့် ၆၅၀၀ ကျော် နေထိုင်လျက်ရှိသည့် မြို့နယ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ယခုမာန်အောင်တွင် မြို့ပေါ် (၅) ရပ်ကွက်နှင့် မြို့အနီးရှိ ကုန်းတန်းရွာ တစ်ရွာ၏တစ်ဝက်ခန့်သာ တစ်ရက်လျှင်မီးခြောက်နာရီ ရရှိပါကြောင်း၊ ညနေ ၆ နာရီ ၁၅ မိနစ်မှ ညနေ ၁၀ နာရီ ၁၅ မိနစ်အထိ လေးနာရီနှင့် နံနက် ၄ နာရီ ၁၅ မိနစ်မှ နံနက် ၆ နာရီ ၁၅ မိနစ်အထိနှစ်နာရီ လျှပ်စစ်မီးရရှိကြပြီး လျှပ်စစ်မီးတိုင်စိုက်ထားသည့် ကျေးရွာ ၅၇ ရွာသည် မီးတိုင်စိုက်ထားသည်မှာ နှစ်နှစ်ကျော်ရှိခဲ့သော်လည်း ယနေ့အထိ လျှပ်စစ်မီး မရရှိသေးပါကြောင်း၊
ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ၁၆ မြို့သည် ၂၄ နာရီလျှပ်စစ်မီးရရှိကြပြီး လျှပ်စစ်မီးတစ်နေ့ခြောက်နာရီ ရရှိသည့်မြို့သည် မိမိတို့မာန်အောင်မြို့တစ်ခုသာ ကျန်ရှိပါကြောင်း၊ မြို့နယ် (၅) ရပ်ကွက်နှင့် ကုန်းတန်းကျေးရွာ တစ်ဝက်ရှိ နေအိမ်များကို 500 KVA မီးစက်နှစ်လုံးနှင့် မီးပေးနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ မာန်အောင်ကျွန်းသည်လည်း မိမိတို့နိုင်ငံထဲတွင် အရှည်လျားဆုံးနှင့်အလှပဆုံး သဘာဝပင်လယ်ကမ်းခြေအလှရှိသည့် ကျွန်းတစ်ကျွန်းပါကြောင်း၊ လွှတ်တော်နှင့် နိုင်ငံတော်အစိုးရကလည်း မိမိတို့မာန်အောင်ကျွန်းပေါ်တွင် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းလုပ်ရန် ဆုံးဖြတ်ထားပြီးဖြစ်ပါကြောင်း၊ သို့သော် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် အဓိကကျသည့် လျှပ်စစ်မီးသည် ယနေ့အထိ မရရှိသည့်အတွက် ပြည်သူများကလည်း လျှပ်စစ်မီးရရှိရန် ပြောသည့်အတွက် ရွာများ၊ အိမ်များတွင်ရှိသည့် သစ်ပင်၊ အုန်းပင်များကို ရှင်းလင်းပြီး လျှပ်စစ်မီးတိုင်များ စိုက်ခွင့်ပေးထားခဲ့ကြပါကြောင်း၊ လျှပ်စစ်မီးတိုင်များစိုက်ပြီး လျှပ်စစ်မီး မရရှိသည်မှာ နှစ်နှစ်ကျော်ကြာခဲ့ပါပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့ပေါ် (၅) ရပ်ကွက်နှင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းထားပြီးသည့် ကျေးရွာအုပ်စု ၁၂ အုပ်စုရှိ ကျေးရွာ ၅၇ ရွာနှင့် မာန်အောင်တစ်ကျွန်းလုံးကို လျှပ်စစ်မီးအား မည်သည့်အချိန်တွင် ပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။