(ခ)-ပြည်ထောင်စုရှေ့နေချုပ်ရုံး Website မှ လွှင့်တင်ထားရာတွင် မည်သည့် Font အသုံးပြုထားပါသနည်း၊ လက်ကိုင်ဖုန်းတွင် အသုံးများသော Zaw Gyi Font ဖြင့်ရှာဖွေနိုင်ရန် လုပ်ဆောင်ပေးနိုင်ခြင်းရှိ/မရှိနှင့် သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

မြန်မာဥပဒေသတင်းအချက်အလက်စနစ် (Myanmar Law Information System)ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး Website မှလွှင့်တင်ထားသည်တွင် မည်သည့် Font အသုံးပြုထားပါသနည်း၊  လက်ကိုင်ဖုန်း တွင် အသုံးများသော Zaw Gyi Font ဖြင့်ရှာဖွေနိုင်ရန် လုပ်ဆောင်ပေးနိုင်ခြင်းရှိ/မရှိနှင့် ပြဋ္ဌာန်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များ ထပ်မံဖြည့်စွက်ခြင်းကို ရှေ့နေချုပ်ရုံးမှဆောင်ရွက်ပါသလား၊ သက်ဆိုင်ရာဝန်ကြီး ဌာနမှ ဆောင်ရွက်ပါသလားတို့ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဥပဒေကို လူတိုင်းသိရှိရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ရှေ့နေများ၊ တရားသူကြီးများ၊ ဥပဒေ ကျောင်းသားများ၊ ဥပဒေပညာရှင်များ၊ ဥပဒေပြုသူများအတွက် အထူးလိုအပ်ပါကြောင်း၊ ဥပဒေများသည် များပြားစွာရှိသည့်အတွက် အလွတ်မရနိုင်ပါကြောင်း၊ ထိုကြောင့် သက်ဆိုင်ရာဥပဒေများကို ရှာဖွေအကိုးအကားပြုရန် လိုအပ်ပါကြောင်း၊ အလုံးစုံသော ဥပဒေအလုံးများသည်လည်း  လူပုဂ္ဂိုလ် တစ်ယောက်တည်း၊ စာကြည့်တိုက်တစ်ခုတည်းတွင် မရှိနိုင်ပါကြောင်း၊ ထိုကဲ့သို့ ဥပဒေများ မြောက်များရှိသည့် အနက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုဥပဒေ၊ တိုင်းဒေသကြီးဥပဒေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၊ စီရင်ထုံး၊ Constitutional Law ၊ State Law ၊ Regional Law ၊ Customary Law စသည်များကို ဝန်ကြီးဌာနအလိုက်၊ ကဏ္ဍအလိုက်၊ ခေတ်အလိုက်၊ ဥပဒေအမည်အလိုက် ရှာဖွေကြည့်ရှုနိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံး MlIS Website တွင် တင်ပြပေးထားသည်ကို တွေ့ရှိပါ ကြောင်း၊  ဥပဒေများသာမက တစ်ဆင့်ခံဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်စသည်များကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနှင့် ရှာဖွေနိုင်သကဲ့သို့ ဥပဒေ၊ သမိုင်းနောက်ခံ အကြောင်းအရာများကိုပါ လေ့လာနိုင်ပါကြောင်း၊

၁၇-၅-၂၀၁၈ ရက်နေ့ မြန်မာ့သတင်းစာတွင် မြန်မာ-ကိုရီးယားပူးပေါင်း ဆောင်ရွက်သည့် မြန်မာဥပဒေသ တင်းအချက်အလက် စနစ်ခေါင်းစဉ်ဖြင့် ဆောင်းပါးရှင် နုနုရင် (ပြည်ထောင်စုရှေ့နေချုပ်ရုံး) မှ လည်းကောင်း၊ ၁-၇-၂၀၁၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဆောင်းပါးရှင် လွင်သစ္စာ (ဥပဒေ) ကလည်း ပြည်သူအတွက် မြန်မာဥပဒေသတင်း အချက်အလက်ခေါင်းစဉ်ဖြင့်လည်းကောင်း ဖော်ပြရေးသားထားသည်ကို တွေ့ရှိရပါကြောင်း၊ တန်ဖိုးကြီးလှသည့် ဥပဒေစာအုပ်ကြီးများကို Smart Phone ဖြင့် အခမဲ့သုံးစွဲခွင့် ပြုထားခြင်း ဖြစ်ပါကြောင်း၊  ထို့ပြင် အဆိုပါစနစ်ကို အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံက ပထမဆုံး အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း သိရှိရသည့်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးအတွက်လည်း ဂုဏ်ယူမိပါ ကြောင်း၊ ယခုနောက်ပိုင်းတွင်  Zaw Gyi One Font ၊ Myanmar3 Font များဖြင့် သုံးစွဲရလွယ်ကူစေရန် ပြုလုပ်ပေးထားသည့်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို အထူးကျေးဇူးတင် ရှိပါကြောင်း၊

ဥပဒေသည် လုံးဝမပြောင်းလဲဘဲ ထားရှိ၍မရကြောင်း၊ ခေတ်၊ စနစ်၊ မူဝါဒ၊ ပြည်သူပြည်သားများ၏ လိုအပ်ချက်နှင့်အညီ ပြင်ဆင်ဖြည့်စွက်ပယ်ဖျက် အသစ်ပြဋ္ဌာန်းပေးရခြင်းများ ပြုလုပ်ရကြောင်း၊ ထိုသို့ ပြောင်းလဲမှုကိုလည်း အချိန်နှင့်တစ်ပြေးညီသိစေရန် စဉ်ဆက်မပြတ်ပြင်ဆင် Update လုပ်ပေးရန်လည်း လိုအပ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဥပဒေဆိုင်ရာအချက်အလက်များ ပြင်ဆင် ဖြည့်စွက်ပယ်ဖျက် အသစ်ပြဋ္ဌာန်းမှုများကို မည်သည့်ဌာနက ဆောင်ရွက်ပေးနေခြင်းနှင့် ယခုဥပဒေစနစ်ကို ဝင်ရောက်နှောင့်ယှက် ဖျက်ဆီးခံရမှု မရှိစေရန် Cyber လုံခြုံရေး၊ Network Security ပိုင်းကိုလည်း မည်သို့ တာဝန်ယူ ဆောင်ရွက်ပေးထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။