(င)-မင်းဘူး(စကု)မြို့နယ်၊ မန်းရေနံမြေမှ ကုန်တင်ကုန်ချအလုပ်သမားများ လုပ်အားခပြည့်ဝစွာ ပေးနိုင်ရေး မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်တွင် မန်းရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေဟူ၍ ရှိပါကြောင်း၊ ရေနံမြေမှကုန်တင်ကုန်ချ အလုပ်သမားများသည် လုပ်အားခ ပြည့်ဝစွာမရရှိသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု မိမိတို့အား အကြောင်းကြားသဖြင့် ၁၃-၇-၂၀၁၈ ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ အလုပ်သမားများနှင့် သွားရောက်တွေ့ဆုံပြီး မည်သို့သော အခက်အခဲများရှိသည်ကို စုံစမ်းမေးမြန်းခဲ့ပါကြောင်း၊ အလုပ်သမားများသည် တစ်နေ့လုပ်မှ တစ်နေ့စားရပြီး ယခင်က တစ်နေ့လုပ်အားခ ၂၅၀၀ နှုန်းသတ်မှတ်သော်လည်း ၂၂၀၀ နှုန်း၊ တစ်နေ့လုပ်အားခ ၃၆၀၀ နှုန်းသတ်မှတ်သော်လည်း ၃၄၀၀ နှုန်း၊ တစ်နေ့လုပ်အားခ ၄၈၀၀ သတ်မှတ်သည့်အခါ ခေတ်ကာလနှင့် လျော်ညီသည့် လုပ်အားခရရန် တိုးတောင်းသည့်အခါ ၂၀၁၈ ခုနှစ် မတ်လမှစပြီး ၂၁၀၀ ခန့်သာပေးခဲ့ပါကြောင်း၊ ၄၈၀၀ နှုန်း တိုးမပေးနိုင်သေးသော်လည်း ၃၄၀၀ နှုန်းနှင့် ရှင်းပေးလျှင် ၎င်းတို့ စားဝတ်နေရေးအတွက် အဆင်ပြေသည်ဟု ပြောပါကြောင်း၊ ထို့ကြောင့် အလုပ်သမားများနှင့် တွေ့ဆုံပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီးနှင့် သွားရောက်တွေ့ဆုံသော်လည်း သေချာရေရာသည့် အဖြေကိုမရရှိခဲ့သည့် အတွက်ကြောင့် မေးမြန်းခြင်း ဖြစ်ပါကြောင်း၊
မိမိတို့ စုံစမ်းကြည့်သည့်အခါ နေ့စားလုပ်သားများကို MOGE မှ မခိုင်းဘဲ MPI မှ ခိုင်းပါကြောင်း၊ MPI မှ ခိုင်းသော်လည်း လုပ်အားခ ပြည့်ပြည့်ဝဝမရပါကြောင်း၊ MPI မှ ပိုက်လိုင်းများရှင်းရန် တစ်နေ့လျှင် ၁၄ ယောက်၊ ကားဆိုင်းအတွက် ၁၂ ယောက်ပေးရပါကြောင်း၊ MPI မှ ၁၂ ယောက်ခကိုသာ ရှင်းပြီး ၁၄ ယောက်ခကို မရှင်းပါကြောင်း၊ လုပ်သားခများနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးဘတ်ဂျက်မှ ဘတ်ဂျက် စီမံခန့်ခွဲပြီးပေးသည်ဟု သိရပါကြောင်း၊ တိကျသည့် အဖြေမရသည့်အတွက် ဇူလိုင်လ ၂၄ ရက်နေ့တွင် ယခုမေးခွန်းကို တင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ အလုပ်သမားများကို လှမ်းမေးသည့်အခါ ၁၀ လပိုင်းမှစပြီး တစ်နေ့လုပ်အားခ ၃၀၀၀ နှုန်းနှင့် ရှင်းပေးသော်လည်း မူလ ၃၄၀၀ နှုန်းမရရှိသေးပါကြောင်း၊ သတ်မှတ်ထားသည့် ၄၈၀၀ နှုန်းရမှသာလျှင် ၎င်းတို့အတွက် အဆင်ပြေမည်ဖြစ်ပါကြောင်း၊ နေ့စားလုပ်သား ဖြစ်သည့်အတွက် အလုပ်မဆင်းသည့်နေ့အတွက် မပေးသော်လည်း အလုပ်ဆင်းသည့်နေ့အတွက် လုပ်ခပြည့်ဝအောင်ပေးလျှင် ကျေနပ်ပါသည်ဟု ပြောပါကြောင်း၊ နေ့စားလုပ်သားများ ဖြစ်သော်လည်း ရေနံမြေအတွက်ခေါ်သည့်အခါ အမြဲတမ်းအလုပ်ဆင်းနိုင်ရန် အဆင်သင့် ရုံးတွင်ထိုင်နေရပြီး အလုပ်ဆင်းနေရပါကြောင်း၊ ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ လုပ်ငန်းတင်မကဘဲ ကားဆိုင်းများ၊ သံပိုက်များခိုင်းသည့် လုပ်ငန်းမှန်သမျှ အားလုံးလုပ်ပေးရသည်ဟု ပြောပါကြောင်း၊ သို့ဖြစ်ပါ၍ မန်းရေနံမြေမှ ဆင်းရဲသားကုန်တင်ကုန်ချ အလုပ်သမားများအတွက် လုပ်အားခပြည့်ဝစွာ ရရှိနိုင်ရေးအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။