(စ)-မုံရွာမြို့၊ တိုင်းဆေးရုံကြီး ဆောက်လက်စ (၅) ထပ်အဆောက်အဦ အပြီးသတ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ဆေးရုံအဆောက်အဦ မူလချထားသည့်ပုံစံသည် နှစ်ထပ်အဆောက်အဦပုံစံဖြစ်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေး နှစ်တွင် ကျပ်သန်း ၈၀၀၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၁၂၀၀ စုစုပေါင်း ကျပ်သန်းပေါင်း ၂၀၀၀ နှင့် ခွင်‌့ပြုချထားပေးခဲ့သော်လည်း ထိုအချိန်က တာဝန်ယူခဲ့သည့် တာဝန်ရှိသူများသည် နှစ်ထပ်အဆောက်အဦအစား ငါးထပ်အဆောက်အဦ ပြောင်းလဲဆောက်သဖြင့် ပြည်သူများထည်‌့ဝင်ငွေ သန်းပေါင်း ၆၄၁.၃၄ သန်း ထည်‌့ဝင်သော်လည်း အဆောက်အဦသည် လက်စမသတ်နိုင်ပါကြောင်း၊ ယခုအခါ ထိုငါးထပ်အဆောက်အဦသည် အကြမ်းထည် ၈၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း၊ ထို အဆောက်အဦသည် ပြည်သူများ၏ ဘဏ္ဍာငွေနှင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်စသတ်ဆောက်လုပ် ပေးရန် လိုအပ်နေပါကြောင်း၊ လက်စသတ်ဆောက်လုပ်မပေးနိုင်သေးလျှင် ဘဏ္ဍာငွေများကို ပြည်သူများ အသုံးမချနိုင်သေးသည့်အတွက် နစ်နာနေမည်ဖြစ်ပါကြောင်း၊ နောက်တစ်ချက်အနေဖြင့် မုံရွာဆေးရုံကြီးရှိ ဖျားနာဆောင်မျက်နှာကြက်များသည် ပြိုကျပြီး လူနာများမထားနိုင်ဘဲ အန္တရာယ်ရှိအဆောင်အဖြစ် သတ်မှတ်ထားရပြီး လူနာများအတွက် အခက်အခဲဖြစပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ခုတင်အသုံးချမှုမှာ တစ်ခါတလေ ၅၈၁ လုံးဖြစ်ပါကြောင်း၊ မုံရွာတွင် စရိတ်မျှပေးအခန်းများရှိသော်လည်း တစ်ခန်းလျှင် သုံးယောက်ကြပ်တည်းစွာ နေထိုင်နေရပါကြောင်း၊ ထို့ကြောင့် လူနာများ သက်တောင်‌့သက်သာ တည်းခို ကုသနိုင်ရန်အတွက် ငါးထပ်အဆောင်ကြီး အမြန်ပြီးစီးရန် လိုအပ်နေပါကြောင်း၊ ထို့နောက် မုံရွာမြို့နယ် သည် လူဦးရေ ၃၇၀၀၀၀ ရှိသည့်  မြို့တော်ဖြစ်ခြင်း၊ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း ဆက်သွယ်ရေး လွယ်ကူခြင်း၊ မုံရွာ(ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်)၊ စီးပွားရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊  ကွန်ပျူတာ တက္ကသိုလ်၊ ပညာရေးကောလိပ်၊ စက်မှုလက်မှုအထက်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်း၊ အားကစားသိပ္ပံကျောင်း စသည့် ကျောင်းပေါင်းစုံရှိသည့်အတွက် နယ်ပေါင်းစုံမှ ကျောင်းသူ/သားများရှိ သဖြင့် လူဦးရေထူထပ်သောကြောင့် ငါးထပ်ဆေးရုံကြီးပြီးစီးရန် လိုအပ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ဆောက်လက်စငါးထပ် ဆေးရုံကြီးကို ပြီးစီးရန်အတွက် လက်စသတ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။