(က)-နိုင်ငံ့ဝန်ထမ်း ယန္တရားအတွင်း ကြိုးနီစနစ်လျှော့ချရေးနှင့် စပ်လျဉ်း၍ မည်သို့မည်ပုံဆောင်ရွက် နေကြောင်း သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

မိမိတို့နိုင်ငံတွင် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဟူသော ဆောင်ပုဒ်တစ်ခုရှိပါကြောင်း၊ တစ်ပါတီစနစ်၊ ပါတီစုံစနစ်ဖြင့် နိုင်ငံကိုအုပ်ချုပ်သည့် သမ္မတများ၊ ဒုတိယသမ္မတများ၊ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ နိုင်ငံ့ခေါင်းဆောင်များက တိုင်းပြည်အတွက် အကောင်းဆုံးစဉ်းစားသုံးသပ်ပြီး ပေါ်လစီများ၊ မူဝါဒများ၊ လမ်းစဉ်များ ချမှတ်ကြသော်လည်း အဆိုပါလမ်းစဉ်များ၊ မူဝါဒများကို အကောင်အထည် ဖော်ကြရသည်မှာ ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းများက အသိစိတ်ရှိရှိ၊ တိုင်းပြည်ကို ချစ်သည့်စိတ်ဖြင့် စွမ်းဆောင်ရည်မြင့်မြင့်ဖြင့် အကောင်အထည်ဖော်မှသာ တိုင်းပြည်၏ ဝန်ဆောင်မှုအားလုံးသည် အဆင်ပြေမည် ဖြစ်ပါကြောင်း၊ ပြည်သူများကလည်း စိတ်ချမ်းမြေ့မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ၏ လုပ်ဆောင်ချက်က အစိုးရများအပေါ် သက်ရောက်မှုက ကြီးမားပါကြောင်း၊  မိမိတို့နိုင်ငံတွင် ဝန်ထမ်းများနှင့်ပတ်သက်ပြီး အစိုးရအဆက်ဆက်က စွမ်းဆောင်ရည်မြင့်မားရန်အတွက် ကြိုးစားအားထုတ်ခဲ့ခြင်းများ ရှိခဲ့ပါကြောင်း၊ အောက်မြန်မာပြည်တွင် ဖောင်ကြီး၊ အထက်မြန်မာပြည်တွင် ဇီးပင်ကြီးသင်တန်းကျောင်းများ ဖွင့်လှစ်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်မြှင့်တင်ရန် ကြိုးစားလာခဲ့ပါကြောင်း၊ လတ်တလောတွင် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကို နိုင်ငံတော်သမ္မတကြီးထံမှ ပေးပို့ထားပါကြောင်း၊ အဆိုပါ ဇီးပင်ကြီးနှင့် ဖောင်ကြီးကျောင်းနှစ်ကျောင်းကို စီမံအုပ်ချုပ်မှု လေ့ကျင့်ရေးသင်တန်းကျောင်းများနှင့် တက္ကသိုလ်များ ဆိုင်ရာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (IASIA) ကို ဝင်ခွင့်ပြုရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုချက်ကို တောင်းခံထားပါကြောင်း၊ ၎င်းအဖွဲ့ထဲ ဝင်ရောက်မည်ဆိုပါက အကျိုးကျေးဇူး (၆) ချက် ဖော်ပြထားပါကြောင်း၊ မိမိ၏လွှတ်တော်ကိုယ်စားလှယ်သက်တမ်း အတွေ့အကြုံအရ အချို့ဝန်ထမ်းများကြားထဲတွင် ကြိုးနီစနစ်က ယခုအချိန်ထိ အားကောင်းနေဆဲ ဖြစ်ပါကြောင်း၊ ကြိုးနီဆိုသည်မှာ ဖိုင်တစ်ဖိုင်၊ လုပ်ငန်းတစ်ခုကို ကြိုးအနီလေးပတ်ပြီး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရသည့် စနစ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် နောက်ပိုင်းတွင် ပြောင်းလဲချိန်တန်ပြီဟူသော ကြွေးကြော်သံဖြင့် အားသွန်ခွန်စိုက်ကြိုးစားပါကြောင်း၊ ဝန်ထမ်းလောကထဲတွင်လည်း ပြောင်းလဲမှုများ ဖြစ်လာစေရန်၊ ပြည်သူလူထုများ စိတ်ချမ်းသာစေရန် မိမိတို့က ကြိုးစားသော်လည်း တချို့အရာများက မိမိတို့လွှတ်တော် ကိုယ်စားလှယ်များက မည်မျှအားသွန်ကြိုးပမ်းသည်ဖြစ်စေ၊ ဝန်ထမ်းများက တက်တက်ကြွကြွ လိုက်ပါဆောင်ရွက်မှု မရှိသည့်အခါ မိမိတို့၏လုပ်ငန်းများသည် ရှေ့ကိုရောက်သင့်သလောက် မရောက်ဘဲဖြစ်နေပါကြောင်း၊ မိမိတို့ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲများ သွားသည့်အခါ ပြည်သူများနှင့်ထိတွေ့ပါကြောင်း၊ ပြည်သူများကမေးမြန်း၊ တောင်းဆိုသည့် ကိစ္စများကို သေချာစိစစ် သုံးသပ်နားထောင်ပြီး ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူးများ အလွှာပေါင်းစုံနှင့် နားထောင်ပြီးမှ အကြံပြုချက်ကို ပေးခဲ့ပါကြောင်း၊ ဥပမာ အများပိုင်လမ်းက စပါးကျီကြီး ပိတ်ထားသည့်ကိစ္စကို မိမိသေချာနားထောင်ပြီး ဖျက်ပေးပါ၊ တစ်ဖက်က ပိုင်ရှင်များအနေဖြင့်လည်း အပမ်းမကြီးပါကြောင်း မိမိပြောခဲ့ကြောင်း၊ ထိုအခါက မြေစာရင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျေးလက်တို့ ပါရှိခဲ့ကြပါကြောင်း၊ သို့သော် မိမိ အဆိုပါခရီးစဉ်က ပြန်လာသည့် တစ်နှစ်အထိ ၎င်းကိစ္စက လုံးဝမလုပ်ရသေးပါကြောင်း၊ ၎င်းကဲ့သို့ကိစ္စများ များစွာ တွေ့နေရပါကြောင်း၊ ပြည်သူများက ၎င်းတို့၏ တိုင်ကြား၊ အကူအညီတောင်းခံသည့်ကိစ္စများ ထွေ/အုပ်ရုံးကို လာရောက်ပေးသည့်အခါ ပြေစာများပြန်ထုတ်ပေးမှသာ ပြည်သူများက မည်သည့်နေ့က ပေးထားပြီး မည်သည့်နေ့တွင် သွားရောက်စုံစမ်းမည်ကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ သို့သော် မိမိ၏အကြံပြုချက်ကို မလိုက်နာပါကြောင်း၊ အချို့စာများ ပျောက်သည့်အတွက် နှစ်ချီကြာမြင့်သည့်အခါ ပြည်သူများက မိမိတို့ကိုလာရောက် မေတ္တာရပ်ခံ၊ အကူအညီတောင်းခံပါကြောင်း၊ မိမိတို့ကလည်း အုပ်ချုပ်ရေးများ၊ ဝန်ထမ်းများဖြင့် ပေါင်းစပ်ဖြေရှင်း ပေးသော်လည်း အချို့ကိစ္စများသည် အချိန်ကြာမြင့်နေဆဲ ဖြစ်ပါကြောင်း၊ ယခုအချိန်ထိ ဝန်ထမ်းလောကတွင် ကြိုးနီစနစ်က ခိုင်မာအားကောင်းနေသည်ကို မိမိအတွေ့အကြုံအရ တွေ့ရှိရပါကြောင်း၊ အချို့ကိစ္စတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က မှတ်ချက်ပေးထားပြီး သော်လည်း တစ်နှစ်နီးပါးကြာသည်အထိ မဖြေရှင်းရသေးပါကြောင်း၊ မိမိကိုယ်တိုင်ဝင်ရောက် ဖြေရှင်းသော်လည်း မပြီးစီးပါကြောင်း၊ ပြဿနာများ ဆက်လက်ရှည်လျားနေသည့်အတွက် နိုင်ငံ့ဝန်ထမ်းများကြားထဲတွင် ကြိုးနီစနစ်၊ ပြည်သူများကြံ့ကြာအောင် လုပ်နေသည့် စနစ်ရှိနေပါသေး ပါကြောင်း၊ ၎င်းစနစ်ကို လျော့နည်းပပျောက်သွားစေရန် မည်ကဲ့သို့စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။