(ဂ)-မိုင်းပန်မြို့၊ မြို့နယ်အားကစားကွင်းအား အဆင့်မီအားကစားကွင်းဖြစ်စေရန် ပွဲကြည့်စင်(Grand Stand)၊ Scored Board၊ ကွင်းပတ်လည်ပြေးခုန်ပစ်ကစားကွင်းများနှင့် အားကစားရုံအား ယခုဘဏ္ဍာ ရေးနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့မြို့နယ်သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဝေးလံသည့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် နယ်စပ်ဒေသအစွန်အဖျားတွင် တည်ရှိသည့် မြို့တစ်မြို့လည်း ဖြစ်သည့်အပြင် နယ်စပ်ဒေသမြို့ဖြစ်သည့်အလျောက် မူးယစ်ဆေးဝါးများ ပေါများသော ဒေသဖြစ်ပြီး လူငယ်လူရွယ် များအနေဖြင့် စိတ်ဓာတ်နှင့်အကျင့်စာရိတ္တ မြင့်မားစေရေး၊ ကိုယ်ကာယကြံ့ခိုင်ပြီး မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အားကစားစိတ်ဓာတ် မြင့်မားလာနိုင် စေရန်အတွက် အဆင့်မီအားကစားကွင်းတစ်ခု အမှန်တကယ် လိုအပ်လျက်ရှိပြီး ဒေသခံပြည်သူများ များစွာမျှော်လင့်လျက် ရှိကြပါကြောင်း၊ မိမိတို့မြို့တွင် အားကစားပြုလုပ်နိုင်ရန်အတွက် ဘောလုံးအားကစား ကွင်းရှိသော်လည်း ဆက်စပ်သည့် ပြေးခုန်ပစ် အားကစားကွင်းများ မပါရှိခြင်း၊ ဆက်စပ်အဆောက်အဦများ မပါရှိခြင်းတို့ကြောင့် လူငယ်လူရွယ်များသည် အားကစားကို စိတ်ပါဝင်စားစွာ တစိုက်မတ်မတ် မလုပ်နိုင်သည့်အတွက် ဘောလုံးအားကစားကွင်းသည် ကွင်းအမည်ခံအဖြစ်သာ ရှိနေပါကြောင်း၊ ထို့ကြောင့် မိမိတို့မြို့နယ်ရှိ လူငယ်လူရွယ်များသည် နိုင်ငံတော်၏ အနာဂတ်ခေါင်းဆောင်များ ဖြစ်လာနိုင်သည့်အတွက် အားကစားမှအစပြု၍ မလုပ်နိုင်ပါက မကောင်းသည့် အသိမှား/အမြင်မှားများ ဖြစ်ပေါ်လာနိုင်ပြီး ဒုစရိုက်အမှောင်လောကနှင့် မူးယစ်ဆေးဝါးများ၏ ကျေးကျွန်ဖြစ်လာရန် တွန်းပို့နေသကဲ့သို့ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းပန်မြို့နယ်ရှိ လူငယ်လူရွယ်များ ကျန်းမာသန်စွမ်းစေရေး၊ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တ မြင့်မားစေရေး၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးအတွက် မရှိမဖြစ်လိုအပ်လျက်ရှိသော မြို့နယ်အဆင့်မီ အားကစားကွင်း ဖြစ်စေရန်အတွက် ပွဲကြည့်စင် (Grand Stand)၊ Scored Board၊ ကွင်းပတ်လည် ပြေးခုန်ပစ်ကစားကွင်းများ၊ အားကစားရုံအဆောက်အဦတို့ကို ယခုဘဏ္ဍာရေး နှစ်အတွင်း ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။