(ခ)-ရွာငံမြို့နယ်၊ မြင်းကျဒိုးတိုက်နယ်ဆေးရုံ ဖွင်‌့လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင်‌့ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးလက် ကျန်းမာရေးဌာနအောက်တွင် နန်းခုံ၊ ယကြီး၊ အလယ်ချောင်၊ တောကျယ်စသည်‌့ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၄ ခု၊ ကျေးရွာအုပ်စု ၇ စု၊ ကျေးရွာပေါင်း ၃၅ ရွာ၊ အိမ်ခြေပေါင်း ၅၃၁၃ အိမ်၊ လူဦးရေ ၂၃၂၃၆ ဦး နေထိုင်လျက်ရှိပါကြောင်း၊ ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်းရှိ တောင်တန်းဒေသ ၁၁ ရွာသည်လည်း မြင်းကျဒိုးကျေးလက် ကျန်းမာရေးဌာနကို မှီခိုအားထားနေရပါကြောင်း၊ မြင်းကျဒိုးကျေးလက်ကျန်းမာရေး ဌာနအောက်တွင် ကျေးရွာစုစုပေါင်း ၄၆ ရွာ၊ လူဦးရေ ၂၉၆၇၂ ဦးခန့် ကျန်းမာရေးစောင်‌့ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ မြင်းကျဒိုးကျေးရွာသည် ရွာငံမြို့နယ် ပြည်သူ့ဆေးရုံနှင်‌့ ၂၂ မိုင်၊ မြိုင်တိုက်နယ်ဆေးရုံနှင်‌့ ၁၁ မိုင်၊ ပင်းတယပြည်သူ့ဆေးရုံနှင်‌့ ၁၈ မိုင်၊ အောင်ပန်းတိုက်နယ် ပြည်သူ့ဆေးရုံနှင်‌့ ၂၃ မိုင်ကွာဝေးပြီး မိုးရာသီတွင် သွားလာရခက်ခဲသော ကျေးရွာစုစုပေါင်း ၄၆ ရွာမှ ပြည်သူများ ကျန်းမာရေးအတွက် ဆေးကုသမှုခံရာတွင် အခက်အခဲများစွာ ကြုံတွေ့လျက်ရှိပါကြောင်း၊ မြင်းကျဒိုးတိုက်နယ်ဆေးရုံ လျှောက်ထားမည်‌့ မြေနေရာသည် ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု မိန်းမရဲတောင်၊ သာသနာပြုဧရိယာနှင်‌့ ဆက်စပ်သည်‌့ မင်းတိုင်ပင်ကျေးရွာအနီး ကွင်းအမှတ် (၂၀)၊ တပ်ပုတ်ရွာ သစ်ကွင်းအတွင်းတည်ရှိပြီး ဦးကောင်းညွန့်မှ ၂.၅၀ ဧက၊ ဦးကျော်ဝင်းမှ ၁.၀၀ ဧက၊ ဦးအောင်ကျော်စိုးမှ ဝ.၅၀ ဧက၊ ဒေါ်ကြည်မှ ၁.၀၀ ဧက လှူဒါန်းကြပြီး လပ်မြေ ၂.၅၀ ဧက၊ မြေရိုင်း ၄.၀၀ ဧက တစ်ဆက်တစ်စပ်တည်း စုစုပေါင်း ၁၁.၅၀ ဧက ရရှိထားပြီး ဖြစ်ပါကြောင်း၊ မြင်းကျဒိုး တိုက်နယ်ဆေးရုံ ဖွင်‌့လှစ်ခွင်‌့ရရှိပါက ဒေသခံပြည်သူများ၏ ကျန်းမာရေးကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်း၊ လူမှုကိစ္စအဝဝကို ဆောင်ရွက်နိုင်ကြပြီး လူနေမှုအဆင်‌့အတန်း တိုးတက်မြင်‌့မားလာမည် ဖြစ်ပါကြောင်း၊

ကျန်းမာရေးနှင်‌့ အားကစားဝန်ကြီးဌာနမှ မြင်းကျဒိုးတိုက်နယ်ဆေးရုံ ဖွင်‌့လှစ်ခွင်‌့ရရှိပါက ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုက်နယ်ဆေးရုံဖြစ်မြောက်ရေးကော်မတီများမှ တိုက်နယ်ဆေးရုံ မြေရာအတွက် မြေ ၁၁.၅ ဧကကို ကျန်းမာရေးနှင်‌့အားကစားဝန်ကြီးဌာနပိုင် မြေအဖြစ်ရရှိရန် လုပ်ထုံးလုပ်နည်းများနှင်‌့အညီ စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးတိုက်နယ်ဆေးရုံ ဖွင်‌့လှစ်ခွင်‌့ ရရှိရေးအတွက် ကျန်းမာရေးနှင်‌့အားကစား ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင်‌့ အစီအစဉ်ရှိပါက မည်သည်‌့အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလို၍ မေးခွန်းမေးမြန်းပါသည်။